အများပြည်သူ ထင်ယောင်ထင်မှားဖြစ်စေရန် မမှန်ကန်သောနည်းလမ်းဖြင့် Comment ရေးသည်ဟုဆိုကာ ၆၆(ဃ) ဖြင့် အမှုဖွင့်

အများပြည်သူ ထင်ယောင်ထင်မှားဖြစ်စေရန် မမှန်ကန်သောနည်းလမ်းဖြင့် Comment ရေးသည်ဟုဆိုကာ ၆၆(ဃ) ဖြင့် အမှုဖွင့်
Published 17 July 2018

အများပြည်သူ ထင်ယောင်ထာင်မှား ဖြစ်စေရန် မမှန်ကန်သောနည်းလမ်းဖြင့် Comment ရေးသည်ဟုဆိုကာ Facebook အကောင့်ပိုင်ရှင်တစ်ဦး ၆၆(ဃ) ဖြင့် တရားစွဲခံရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယင်းအမှုမှာ အခြားသော ဆက်သွယ်ရေးပုဒ်မများဖြင့် အမှုဖွင့်ထားသည့် အမှုများနှင့် တူညီမှုမရှိဘဲ Comment ရေးခဲ့သူအား အမှုဖွင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် (၉၄)ရပ်ကွက် နေ ဦးသောမတ်စ်မိုး(ခ)ဦးမြင့်အေး (၆၀နှစ်) ဆိုသူသည် ၎င်းနှင့်တစ်ရပ်ကွက်တည်းတွင် နေထိုင်သည့် ဦးဝင်းမြင့်ဆိုသူကို ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း၊ အမှုဖွင့်ခံရသည့် ဦးဝင်းမြင့်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် အရွေးခံရမည့် ရာအိမ်စုကိုယ်စားလှယ်ဖြစ်ပြီး ခံဝန်ပေးထားသူတစ်ဦးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိချက်အရ သိရသည်။

ဇူလိုင် ၇ ရက်တွင် လူမှုကွန်ရက် Facebook စာမျက်နှာတွင် Group Baydar Zaw အကောင့်ဖြင့် “အုပ်ချုပ်ရေးမှူးအရွေးခံမယ့် အထဲမှာ ၆၆(ဃ)နဲ့ အမှုရင်ဆိုင်နေရသူ ပါတယ်ကြားတယ်။ အလင်းပြပါဦးဗျာ။ မတော်ရွေးပြီးမှ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာကို ပြစ်မှုမကင်းတဲ့သူဆီ သွားတောင်းနေရ ဦးမယ်ဟု ရေးသားကာ Post တင်ခဲ့ကြောင်း၊ ထိုသို့ရေးသားထားသည့် Post တွင် Julu May June အကောင့်ပိုင်ရှင်(စိစစ်ဆဲ) က  “အဲ့ကိစ္စက ကြာပါပီကောရှင်။ ပြီးပြီလို့လည်း ကြားပါတယ်။ ကိုယ်ကျိုးအတွက် အစွဲခံရတာ မဟုတ်ဘူးလို့လည်း ကြားပါတယ်။ ရေကိစ္စတင်ရင်းနဲ့ ငြိတာလို့ပြောပါတယ်။ သိသလောက်လေး လေ့လာပြီး ပြောပါတယ်။ ဒါထက်သိချင်ရင် ကိုယ်တိုင်သွားမေးပါ။ ဘယ်သူလဲဆိုတာ ပြောပါ့မယ်။ ကိစ္စတစ်ခုကို ဘုမသိ ဘမသိပဲ သူများယောင်တိုင်း မယောင်တတ်ပါရှင်။ ကိုယ်တိုင်စုံစမ်းမေးမြန်းလို့ သိရသလောက် ပြန်ပြောတာပဲရှိပါတယ်ရှင်။ ကိုယ့်ကိစ္စလည်း မဟုတ်ပါ။ ဘယ်သူတက်တက်လည်း ကိုယ်နက်မဆိုင်ပါ အနေသာ ကြီးပါရှင်” ဟု Comment ရေးသားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုသို့ ရေးသားထားသည့် Comment ကို ဦးသောမတ်စ်မိုးက ဇူလိုင် ၈ ရက်တွင် တွေ့ရှိခဲ့သဖြင့် အများပြည်သူ ထင်ယောင်ထင်မှားဖြစ်စေရန် မမှန်မကန်သောနည်းလမ်းဖြင့် ဝင်ရောက်စွက်ဖက် Comment ရေးသားခဲ့သူ Julu May June အကောင့်ပိုင်ရှင်ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် အရေးယူပေးရန် တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent