တနင်္သာရီမြစ်ရေ စိုးရိမ်ရေအမှတ်သို့ ကျော်လွန်ရောက်ရှိလာပြီးနောက် မြို့တွင်းမြေနိမ့်ပိုင်းများသို့ ရေများဝင်ရောက်

တနင်္သာရီမြစ်ရေ စိုးရိမ်ရေအမှတ်သို့ ကျော်လွန်ရောက်ရှိလာပြီးနောက် မြို့တွင်းမြေနိမ့်ပိုင်းများသို့ ရေများဝင်ရောက်
Published 17 July 2018

မြို့တွင်း မြေနိမ့်ပိုင်းများတွင် နေအိမ်အောက်ခြေများအထိ ရေဝင်ရောက်ခြင်း၊ လမ်းများရေကျော်ခြင်းများ ဖြစ်ပေါ် စဉ်

တနင်္သာရီမြစ်ရေ စိုးရိမ်ရေအမှတ်သို့ ကျော်လွန်ရောက်ရှိလာပြီးနောက် မြို့တွင်း မြေနိမ့်ပိုင်းများသို့ ရေများစတင်ဝင်ရောက်နေကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တနင်္သာရီမြို့နယ်ကို ဖြတ်သန်းစီးဆင်းနေသည့် တနင်္သာရီမြစ်မှာ ဇူလိုင် ၁၅ ရက်မှ စတင်ပြီး စိုးရိမ်ရေအမှတ် ကျော်လွန်ရောက် ရှိလာခဲ့ကာမြို့တွင်း မြေနိမ့်ပိုင်းများတွင် နေအိမ်အောက်ခြေများအထိ ရေဝင်ရောက်ခြင်း၊ လမ်းများရေကျော်ခြင်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။

“တနင်္သာရီမြို့နယ် ချောင်းကြီးရပ်ကွက်မှာရှိတဲ့ မြေနိမ့်ပိုင်းတွေဖြစ်တဲ့ ရွှေလိပ်ပြာလမ်း၊ တိုးချဲ့ ( ၁ )၊ (၂)၊ (၃)၊ (၅) စတဲ့ လမ်းတွေမှာ နေအိမ်အောက်ပိုင်းအထိ ရေဝင်နေတာတွေ ရှိနေတယ်။ တနင်္သာရီမြစ်ရဲ့ စိုးရိမ်ရေအမှတ်က ၁၇ ပေရှိပါတယ်။ လက်ရှိအနေအထားမှာတော့ ၁၇ ဒသမ ၆ ပေအထိ တက်လာနေပြီဖြစ်တဲ့အတွက် စိုးရိမ်ရေအမှတ်ကို ကျော်လွန်သွားပါပြီ။ မြေနိမ့်ပိုင်းက အိမ်ခြေ ၆၀ ကျော်လောက် ရေဝင်မှုကို ခံနေရပါတယ်” ဟု တနင်္သာရီမြို့နယ်မှ ကိုကျော်မျိုးက ပြောကြားသည်။

တနင်္သာရီမြစ်မှာ နှစ်စဉ်မိုးတွင်းကာလရောက်ရှိတိုင်း မြစ်ရေတက်ကာ မြို့ပေါ်ရှိ နေအိမ်များကို ရေလွှမ်းမိုးမှုဖြစ်ပေါ်လေ့ရှိကြောင်း၊ တနင်္သာရီမြို့တွင် ရေတံခါး၊ ရေသွင်းမြောင်းများ၊ ရေထုတ်ပြွန်များ  တည်ဆောက်ပြီးနောက် မြစ်ရေကြီးမှုဒဏ်ကို နှစ်အနည်းငယ်သက်သာခဲ့ကြောင်း သိရသည်။

“လေးနှစ်ကြာပြီးမှ ဒီလိုရေပြန်ကြီးတာ ကြုံရပါတယ်။ မြစ်ရေကတော့ လက်ရှိအနေအထားအထိ မကျသေးပါဘူး။ တန့်နေပါတယ်။ မြေနိမ့်ပိုင်းက နေအိမ်တချို့ကတော့ ပစ္စည်းတွေကို ရွှေ့ပြောင်းနေကြပါပြီ” ဟု ရွှေလိပ်ပြာလမ်းတွင် နေထိုင်သော ဦးသိန်းစိုးဝင်းက ပြောကြားသည်။

ထားဝယ်ဘက်တွင် မြစ်ဖျားခံပြီး တနင်္သာရီရိုးမတစ်လျှောက် ဖြတ်သန်းစီးဆင်းလာသော တနင်္သာရီမြစ်မှာ မိုးရွာသွန်းမှုများပြားလာပါက မြစ်ရေတက်လာတတ်ပြီး လက်ရှိအနေအထားတွင်လည်း မိုးရွာသွန်းမှု ဆက်လက်များပြားနေသည့်အတွက် သတိထားစောင့်ကြည့်ရမည်ဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။

 

Most Read

Most Recent