ထိုင်းလိုဏ်ဂူထဲက မြန်မာပြည်ဖွားသူရဲကောင်းလူငယ်လေး အဒူလ်ဆမ်းအွန်

ထိုင်းလိုဏ်ဂူထဲက မြန်မာပြည်ဖွားသူရဲကောင်းလူငယ်လေး အဒူလ်ဆမ်းအွန်
Published 17 July 2018

ထိုင်းနိုင်ငံ မယ်ဆိုင်ခရိုင် သမ်းလူရန်ဂူ အတွင်းပိတ်မိခဲ့သည့် ကလေးငယ် ၁၂ ဦးနှင့် နည်းပြဆရာတစ်ဦးတို့မှာ ဇူလိုင် ၁၀ ရက်တွင် ပြန်လည်လွတ်မြောက်လာခဲ့ပြီ ဖြစ်သည်။

တောဝက်ဘောလုံးအသင်းဟု အမည်ရသည့် ယင်းဘောလုံးအသင်းမှ ကလေးငယ်များမှာ သမ်းလူရန်ဂူအတွင်း ပိတ်မိနေခဲ့သည် မှာ ၁၀ ရက်ခန့် ကြာမြင့်ခဲ့သည်။ ကလေးငယ်များကို ကယ်ဆယ်နိုင်ရန် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ ကယ်ဆယ်ရေးလုပ်ငန်းကျွမ်းကျင်ပညာရှင်များနှင့်အတူ ထိုင်းအာဏာပိုင်များက ပူးပေါင်းဆောင်ရွက်ခဲ့ရသည်။ ယင်းကလေးများအနက် မြန်မာပြည်ဖွား ‘ဝ’ လူမျိုးကလေးငယ်မှာ မီဒီယာများတွင် ချီးကျူးခံခဲ့ရသည်။

၎င်း၏ ဘောလုံးအသင်းဖော်များနှင့် လည်းကောင်း၊ ၎င်းတို့၏ နည်းပြနှင့်လည်းကောင်း ထိုင်းလိုဏ်ဂူတစ်ခုအတွင်းမှ စိတ်လှုပ်ရှားဖွယ်ကယ်တင်ခံရသော မြန်မာပြည်ဖွားကောင်လေးသည် ဗြိတိသျှရေငုပ်သမားများနှင့် တစ်ဦးတည်းဆက်သွယ်သူအဖြစ် ဆောင်ရွက်ပေးခဲ့သည့်အတွက် ယခုသီတင်းပတ်အတွင်းတွင် ချီးကျူးခံခဲ့ရသည်။

မြေအောက်တွင် သီတင်းနှစ်ပတ်ကျော်ကြာ ပိတ်မိခဲ့ပြီးနောက် တစ်ဖွဲ့လုံးကို ကယ်တင်ရာတွင် သူသည် အရေးပါသောအခန်း ကဏ္ဍမှ ပါဝင်ခဲ့ခြင်းဖြစ်ပြီး အင်္ဂလိပ်စကား ကျွမ်းကျင်သော ကောင်လေးသည် လူငယ် ၁၂ ဦးနှင့် အသက် ၂၅ နှစ်အရွယ်ရှိ နည်းပြတို့ပါဝင်သော အုပ်စုကိုယ်စား စကားပြောပေးခဲ့သည်။

နောက်ဆုံးကျန်သော ကောင်လေး လေးဦးနှင့် ၎င်းတို့၏ နည်းပြတို့ လိုဏ်ဂူထဲမှ ထွက်လာခဲ့ကြသည့် ဇူလိုင် ၁၀ ရက်တွင် ကယ်ဆယ်ရေးလုပ်ငန်းသည်လည်း ပြီးဆုံးခဲ့သည်။ အင်္ဂလိပ်စကားမပြောသူ သုံးပုံတစ်ပုံပင်မရှိသော နိုင်ငံမှလာသူဖြစ်သောကြောင့် အဒူလ်၏ အင်္ဂလိပ်စကားကျွမ်းကျင်မှုသည် အထူးသဖြင့် အထင်ကြီးစရာကောင်းလှသည်။

အခြားသူများနှင့်မရောဘဲ သီးခြားခွဲထားပြီး မျက်နှာဖုံးစွပ်ထားသော ဆေးရုံပေါ်က ကောင်လေးများသည် ကင်မရာများဘက် သို့လှည့်ကာ ခေါင်းညိတ်ပြခြင်း၊ လက်ဝှေ့ယမ်းပြခြင်း၊ ငြိမ်းချမ်းရေးသင်္ကေတကို ဖျတ်ခနဲလုပ်ပြခြင်းတို့ကြောင့် ၎င်းတို့သည် ကျန်းမာရေးကောင်းနေပုံရသည်ဆိုတာ ရုပ်သံပြကွက်များတွင် မြင်တွေ့ခဲ့ရသည်။

‘ဒီနေ့ ဘာနေ့လဲ’ ဟု ရေငုပ်သမားများကို အမူအရာယဉ်ကျေးလှသော အဒူလ်က  မေးမြန်းနေသော ဗီဒီယိုတွင် ၎င်း၏အသံကို တစ်ကမ္ဘာလုံးက ကြားခဲ့ကြရပြီး မိမိတို့အုပ်စု ဆာလောင်နေကြောင်းလည်း ပြောကြားခဲ့သည်။

နက်ရှိုင်းသော သမ်းလူရန်ဂူအတွင်းတွင် ကျန်သောလူငယ်ဘောလုံးအသင်းသားများနှင့်အတူ သူ့ကိုအသက်ရှင်လျက် တွေ့လိုက်ရ ည့်အခါ မျက်လုံးပြူးကျယ်နေသော ဆယ်ကျော်သက်အဒူလ်၏ ပိတီအပြုံးပုံများကို တစ်ကမ္ဘာလုံးက မြင်တွေခဲ့ကြရသည်။

“ကျွန်တော်က အဒူလ်ဖြစ်ပါတယ်။ ကျွန်တော်ကျန်းမာရေး ကောင်းပါတယ်” ဟု အသက် ၁၄ နှစ်ရှိ ပိန်လှီလှသော အဒူလ်က ထိုင်းလိုပြောကြားခဲ့သောဗီဒီယိုသည် ကောင်လေးအုပ်စုကိုတွေ့ရှိခဲ့ပြီးနောက် နာရီပိုင်းအတွင်း ထွက်ပေါ်လာခဲ့သည်။ သူသည် ထိုင်းအစဉ်အလာ ယဉ်ကျေးမှုတစ်ရပ်ဖြစ်သည့် ‘ဝေး’ ဟု နှုတ်ခွန်းဆက်ခဲ့ကြောင်းလည်း သူ၏ဆရာများက ပြောကြားသည်။

“သူနဲ့စကားပြောတဲ့အခါ သူ့ရဲ့ယဉ်ကျေးတဲ့အမူအရာကို ကျွန်တော်အရင်ဆုံး သတိထားမိပါတယ်။ ဖြတ်လျှောက်သွားတဲ့ ဆရာတိုင်းကို သူက ထိုင်းလိုနှုတ်ဆက်ပါတယ်” ဟု ဘန်ပါမိုးယက်ကျောင်းက သူ့ဆရာ ဖန်နီးတီရာပရွမ်းက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ‘ဝ’ တွင် မွေးဖွားခဲ့သော လူငယ်လေး အဒူလ်သည် ထိုင်းစကား၊ ဗမာစကားနှင့် တရုတ်စကားတို့ကိုလည်း ပြောတတ်သည်။ သူသည် ခုနစ်နှစ်သားအရွယ်ကတည်းက ကျောင်းနေခဲ့တာ ဖြစ်သည်။

ထိုင်းမြောက်ပိုင်းတွင် ပိုမိုကောင်းမွန်သော ပညာရေးကို သင်ကြားရန်သူသည် မိသားစုကို ကျောခိုင်းခဲ့ခြင်းဖြစ်သော်လည်း သူ့မိဘများသည် သူစာသင်နေသော ခရစ်ယာန်ဘုရားကျောင်းကို လာရောက်လည်ပတ်နေကြဆဲ ဖြစ်သည်။

‘ဝ’ ဒေသသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ရှိထားသည်ဆိုသော်လည်း ၎င်းကို နိုင်ငံတကာကရော မြန်မာကပါ ပြည်နယ်တစ်ခုအဖြစ် အသိအမှတ်မပြုသောကြောင့် နိုင်ငံကူးလက်မှတ်များကို တရားဝင်ထုတ်ပေးနိုင်ခြင်း မရှိပေ။ ‘ဝ’ ဒေသက တိုင်းရင်းသားသူပုန်များနှင့် မြန်မာအစိုးရတပ်တို့ တိုက်ခိုက်နေခြင်းကြောင့် ယင်းဒေသတွင် နေထိုင်သူတို့သည် အနီးနားက ထိုင်းအပါအဝင် ဘေးကင်းသော နေရာသစ်များကို ထွက်ပြေးခဲ့ကြသည်။

ထိုင်းနိုင်ငံတွင် နိုင်ငံမဲ့အဖြစ် မှတ်ပုံတင် ထားသူ ၄၀၀၀၀၀ ကျော်တွင် အဒူလ်ပါဝင်သည်ဟု ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီ  (UNHCR) က ပြောကြားခဲ့သော်လည်း နိုင်ငံမဲ့အရေအတွက်မှာ ၃ ဒသမ ၅ သန်း ရှိကြောင်း တချို့က ခန့်မှန်းကြသည်။

“တိုးတက်မှုတချို့ ရရှိနေတယ်ဆိုပေမဲ့ ထိုင်းမှာရှိတဲ့ နိုင်ငံမဲ့တွေအနေနဲ့ သူတို့ရဲ့ အခြေခံအခွင့်အရေးတွေကိုရရှိဖို့ စိန်ခေါ်မှုတွေကို ဆက်လက်ရင်ဆိုင်နေကြရပါတယ်” ဟု UNHCR ပြောရေးဆိုခွင့်ရ အမျိုးသမီး ဟန်နာမက်ဒေါနယ်က အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

မွေးစာရင်းမရှိခြင်း၊ မှတ်ပုံတင်မရှိခြင်း၊ နိုင်ငံကူးလက်မှတ်မရှိခြင်းတို့နှင့်အတူ အဒူလ်သည် တရားဝင်လက်ထပ်ထိမ်းမြား၍ မရနိုင်ပေ။ တရားဝင်အလုပ်အကိုင်၊ တရားဝင် ဘဏ်စာရင်း၊ တရားဝင်ခရီးသွားလာခွင့်၊ တရားဝင်ဆန္ဒမဲပေးပိုင်ခွင့်၊ တရားဝင် အိမ်ပိုင်ရာပိုင်ခွင့်တို့လည်း ရရှိမည်မဟုတ်ပေ။ နိုင်ငံမဲ့အားလုံး ၂၀၂၄ ခုနှစ်လောက်တွင် မှတ်ပုံတင်ရမည်ဟု ထိုင်းအစိုးရက ပြောကြားထားသော်လည်း အဒူလ်ကဲ့သို့သော လူများသည် တရားဝင်ဖြစ်ရေးမှာ ဟိုမရောက် ဒီမရောက်အနေအထားတွင် ရှိနေကြဦးမည် ဖြစ်သည်။ ယင်းအခြေအနေများက သူ့တက်လမ်းကို ပိတ်ဆို့နေမည်ဆိုသည်ကိုကားသူက ငြင်းဆန်ထားသည်။ ဘောလုံးသည်းသည်း မဲမဲကစားသော ကောင်လေးသည် စန္ဒရားနှင့် ဂစ်တာတီးခြင်းတို့ကိုလည်း နှစ်သက်သည်။ သူသည် စာတော်သောကျောင်းသားတစ်ဦးလည်း ဖြစ်ချင်နေသည်။

“သူက ရတနာလေးပါ။ ကျောင်းစာရော၊ ကစားမှာပါ ထူးချွန်ပါတယ်။ သူဟာ အောင်မြင်မှုတွေကနေ ကျောင်းအတွက် ဆုတံဆိပ်တွေနဲ့ လက်မှတ်တွေရယူပေးခဲ့ပါတယ်” ဟု စာသင်ကျောင်းဒါရိုက်တာ ဖူနာဝစ်သက်ဆူရင်က အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

ကမ္ဘာ့သတင်းမီဒီယာများတွင် ထင်ရှားခဲ့ရသည့် လူငယ်ဘောလုံးအသင်းသားများ နှင့် ၎င်းတို့၏ နည်းပြတို့ မယ်ဆိုင်လိုဏ်ဂူအတွင်း ပိတ်မိနေခဲ့သော သတင်းသည်ကား စောင့်ကြည့်နေသူများကို စိတ်လှုပ်ရှားမှု အပြည့်ပေးခဲ့ပြီး ပျော်ရွှင်စရာ အဆုံးသတ်ခဲ့ရသည်ဆိုသော်လည်း ကယ်ဆယ်ရေးဆောင်ရွက်ရင်း တိမ်းပါးခဲ့ရသည့် ထိုင်းတပ်မတော်က ရေငုပ်သမားဟောင်းအတွက် ထိုင်းပြည်သူများက ယူကြုံးမရဖြစ်ခဲ့ကြရသည်။ သို့တိုင် ခက်ခဲသော ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွင် မြန်မာနိုင်ငံဖွား အဒူလ်ဆမ်းအွန်၏ အခန်းကဏ္ဍကိုလည်း မေ့ထား၍မရနိုင်ပါ။ မယ်ဆိုင်ဂူထဲက အသက်ရှင်လွတ်မြောက်ခဲ့သော လူငယ်လေးများ လှပသောအနာဂတ်ကို ပိုင်ဆိုင်နိုင်စေရန် အားလုံးက ဆန္ဒပြုလျက်ရှိသည်။

Ref ; AFP

Most Read

Most Recent