၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် ပြဋ္ဌာန်းမည့် အခွန်အကောက်ဥပဒေတွင် သွင်းကုန်အစားထိုး ထုတ်လုပ်မှုလုပ်ငန်းနှင့် ပို့ကုန်လုပ်ငန်းများကို ကုန်သွယ်ခွန်ကင်းလွတ်ခွင့်နှင့် မက်လုံးအဖြစ် ဝင်ငွေအလွှာအလိုက် ဝင်ငွေခွန်သတ်မှတ်ပေးရန် တောင်းဆို

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် ပြဋ္ဌာန်းမည့် အခွန်အကောက်ဥပဒေတွင် သွင်းကုန်အစားထိုး ထုတ်လုပ်မှုလုပ်ငန်းနှင့် ပို့ကုန်လုပ်ငန်းများကို ကုန်သွယ်ခွန်ကင်းလွတ်ခွင့်နှင့် မက်လုံးအဖြစ် ဝင်ငွေအလွှာအလိုက် ဝင်ငွေခွန်သတ်မှတ်ပေးရန် တောင်းဆို
Published 17 July 2018

Tax Amnesty သုံးရာခိုင်နှုန်းနှင့် ငါးရာခိုင်နှုန်း မပြဋ္ဌာန်းပါက ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်တွင် ဆောက်လုပ်ရေးလုပ်ငန်းများ ပြိုလဲပြီး မြန်မာ့စီးပွားရေးပြိုကျသွားနိုင်ကြောင်း လုပ်ငန်းရှင်များ ရှင်းလင်းခဲ့မှုအခမ်းအနားကို တွေ့ရစဉ်

လာမည့်၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် ပြဋ္ဌာန်းမည့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် သွင်းကုန်အစားထိုးထုတ်လုပ်မှုလုပ်ငန်းနှင့် ပို့ကုန်လုပ်ငန်းများကို ကုန်သွယ်ခွန်ကင်းလွတ်ခွင့်ပေးရန်နှင့် မက်လုံးအဖြစ် ဝင်ငွေအလွှာအလိုက် ဝင်ငွေခွန်သတ်မှတ်ပေးပါရန် ကုန်သည်စက်မှု အသင်းချုပ်မှတောင်းဆိုထားကြောင်း သိရသည်။

ပြည်တွင်းကုန်ထုတ်လုပ်ငန်းများနှင့် SMEs များအနေဖြင့် ပြည်ပမှတင်သွင်းလာသည့် ကုန်ပစ္စည်းများနှင့် ယှဉ်ပြိုင်နိုင်ခြင်းမရှိသည့် အခြေအနေရောက်လာသဖြင့် ပြည်ပကုန်စည်များကို ကြပ်မတ်ပေးရန် လိုအပ်နေပြီး ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းကင်းလွတ်ခွင့်ပေးရန်နှင့် ဝင်ငွေခွန်ကိုမူ မက်လုံးသဘောအဖြစ် ဝင်ငွေအလွှာအလိုက် ရာခိုင်နှုန်း ၂၀၊ ၂၂ ရာခိုင်နှုန်း၊ ၂၅ ရာခိုင်နှုန်းစသည်ဖြင့် လျှော့ချသတ်မှတ်စေလိုကြောင်း ကုန်သည်စက်မှုအသင်းချုပ်ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်က နိုင်ငံတော်ဒုတိယ သမ္မတ ဦးမြင့်ဆွေကို တင်ပြထားသည်။

ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ၊ ပြည်တွင်းတွင် ရင်းနှီးမြှုပ်နှံထားသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ပြည်တွင်းမှ SMEs များအနေဖြင့် နိုင်ငံခြားမှတင်သွင်းလာသည့် ကုန်ပစ္စည်းများနှင့် ယှဉ်ပြိုင်နိုင်ခြင်းမရှိသော အခြေအနေဖြစ်ပေါ်နေသဖြင့် ပြည်တွင်းထုတ်လုပ်မှုနှင့် စားသုံးမှုပမာဏ၊ တင်သွင်းရန်လိုအပ်မှုပမာဏ၊ အရေးကြီးကုန်စည် နှင့် မသုံးမဖြစ်ကုန်စည်၊ အစားထိုးကုန်စည်စသည့် သဘောတရားများကို အခြေခံတွက်ချက်ပြီး Minimum Access စနစ် ၊ Tariff Rate နှင့် Quota စနစ်များ သတ်မှတ်ကျင့်သုံးပေးရန် လိုအပ်နေကြောင်း ဦးရဲမင်းအောင်က ဆက်လက်ပြောကြားသည်။

ထို့ပြင် ယင်းစနစ်များ ဆောင်ရွက်ရာ၌ Quota အတွင်းမှဖြစ်ပါက နှုန်းတစ်မျိုး (နှုန်း နိမ့်) နှင့် Quota ပြင်ပမှဖြစ်ပါက နှုန်းတစ်မျိုး (မြင့်) သတ်မှတ်ပေးစေလိုသည်ဟု ဦးရဲမင်းအောင်က နိုင်ငံတော်ဒုတိယသမ္မတ ဦးမြင့်ဆွေဦးဆောင်သည့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီသို့ တင်ပြထားကြောင်း သိရသည်။

ထို့ပြင် စက်မှုကုန်ကြမ်းများတင်သွင်းပြီး ပြည်တွင်းတွင် ကုန်ချောထုတ်စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်ရင်းနှီးမြှုပ်နှံသည့် ကုန်ထုတ်လုပ်ငန်းများအနေဖြင့် ကုန်ချောတင်သွင်းသူများနှင့် ယှဉ်ပြိုင်နိုင်ရန် ကုန်ချောတင်သွင်းမှုဆိုင်ရာ မူဝါဒများကို ပြန်လည်သုံးသပ်ပေးရန် လိုအပ်ကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် အာလူး၊ ပန်းမျိုးစုံစသည့် လယ်ယာစိုက်ပျိုးရေးထွက်ကုန်များနှင့် ဟင်းသီး ဟင်းရွက်သီးနှံများ တရားမဝင်ဝင်ရောက်နေမှုအပေါ် ထိရောက်စွာတားဆီးပေးနိုင်ရန်အတွက် အပင်ပိုးမွှား၊ ရောဂါနှင့် သီးနှံကာ ကွယ်ရေးဆိုင်ရာ စံချိန်စံညွှန်းများကို ချမှတ်ပေးရန်နှင့် Quota စနစ်ဖြင့် ဆောင်ရွက်ရာတွင်လည်း မိမိနိုင်ငံသီးနှံပေါ်ချိန်၊ ရှားပါးချိန်၊ ဈေးကြီးချိန်စသည့် ရာသီချိန်များနှင့် လိုက်ဖက်အောင် ညှိနှိုင်းဆောင်ရွက်ပေးစေလိုသည်ဟု ဦးရဲမင်းအောင်က ပြောကြားသည်။

အခွန်နှုန်းလျှော့ချမှုနှင့် ပတ်သက်ပြီး ၂၀၁၈ ဘဏ္ဍာနှစ်ခြောက်လအတွက် Tax Amnesty ပေးနိုင်ရန် ယခင်စီမံ / ဘဏ္ဍာဝန် ကြီးဦးကျော်ဝင်း ဦးဆောင်ကြိုးပမ်းခဲ့ပြီး အဆိုပါ အခွန်လွတ်ငြိမ်းကင်းလွတ်ခွင့်မှာ ငွေမည်းခဝါချမှုနှင့် အကြမ်းဖက်မှုအပေါ် ငွေကြေးထောက်ပံ့မှုများ စီးဝင်လာနိုင်သည်ဟု ကန့်ကွက်မှုများရှိနေသဖြင့် ရပ်ဆိုင်းကာ ဥပဒေ တစ်ရပ်အဖြစ်ပြဋ္ဌာန်းရန် ဆုံးဖြတ်ထားသည်။ သို့သော် Tax Amnesty အဖြစ် သတ်မှတ်ထားသည့် ဝင်ငွေခွန် သုံးရာခိုင်နှုန်းနှင့် ငါးရာခိုင်နှုန်းမှာ နည်းပါးလွန်းနေကြောင်းနှင့် လက်ရှိကောက်ခံနေသည့် အခွန်နှုန်းထားများမှာ များပြားနေ၍ ထိုက်သင့်သည့် နှုန်းထားအဖြစ် ဆွေးနွေးလျှော့ချသင့်ကြောင်း မူဝါဒဆိုင်ရာ စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက ပြောကြားသည်။

 

Most Read

Most Recent