Delivery Van ယာဉ်ကိစ္စဖြင့် အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး နှစ်ဦး အပါအဝင် ၁၂ ဦးအား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်

Delivery Van ယာဉ်ကိစ္စဖြင့် အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး နှစ်ဦး အပါအဝင် ၁၂ ဦးအား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်
Published 17 July 2018

Delivery Van ယာဉ်ကိစ္စဖြင့် အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး နှစ်ဦး အပါအဝင် ၁၂ ဦးအား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့် အရေးယူထားကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ခဲ့သည်။

Delivery Van မော်တော်ယာဉ်များအား ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် တင်သွင်းရာတွင် ဆိပ်ကမ်းပြင်ပသို့ ထုတ်ယူခွင့် ရရှိရန်အတွက် အကောက်ခွန်ရှင်းလင်းရေး ကိုယ်စားလှယ်များမှ တစ်ဆင့် ငွေပေးရခြင်း၊ မော်တော်ယာဉ် တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ၏ မူဝါဒ သတ်မှတ်ချက်နှင့် မကိုက်ညီဘဲ တင်သွင်းလာသောယာဉ်များ ဆိပ်ကမ်းမှထုတ်ယူနိုင်ရန် ငွေပေးရခြင်း၊ သွင်းကုန်လုပ်ငန်းရှင်များ အနေဖြင့် ဆိပ်ကမ်းမှ ပစ္စည်းများထုတ်ယူရာတွင် အကောက်ခွန်ရှင်းလင်းရေး ကိုယ်စားလှယ်များမှ တစ်ဆင့် ငွေကြေးပေး၍ ထုတ်ယူနေရသည့် အစဉ်အလာဖြစ်နေခြင်းတို့အား စုံစမ်းဖော်ထုတ်ပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ လုပ်ငန်းရှင်များက တိုင်ကြားခဲ့သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ တိုင်ကြားစာအရ ပထမအကြိမ် တင်သွင်းသော Delivery Van သုံးစီးကို ဆိပ်ကမ်းမှ ထုတ်ယူရာတွင် အကောက်ခွန်ဦးစီးဌာနမှ စစ်ဆေးရေးအရာရှိက ငွေ ကျပ် ၂၄ သိန်း၊ Model Year စိစစ် အတည်ပြုသူ ဦးစီးအရာရှိက ကျပ် ၁၅ သိန်း၊ ဒုတိယအကြိမ် တင်သွင်းသော Delivery Van နှစ်စီးကို ဆိပ်ကမ်းမှ ထုတ်ယူရာတွင် စစ်ဆေးရေးအရာရှိက ကျပ် ၂၄ သိန်း၊ ယာဉ်စစ်ဆေးချက် အမှုတွဲများကို စိစစ်လက်မှတ်ရေးထိုးသူ ဦးစီးအရာရှိက ကျပ် ရှစ်သိန်း၊ စစ်ဆေးရေးအရာရှိ၏ စစ်ဆေးတွေ့ရှိချက်များကို စိစစ်အတည်ပြုသူ အကောက်ခွန်မှူးက ကျပ် ၄ သိန်း၊ ဒုတိယအကြိမ် တင်သွင်းသော Delivery Van နှစ်စီးကို လေလံပယ်ဖျက် ဘုတ်အဖွဲ့ဖြင့် စစ်ဆေးခံပြီး ဆိပ်ကမ်းမှ ထုတ်ယူနိုင်ရေးအတွက် ကာကွယ်ရေးဌာနခွဲမှ လက်ထောက် အကောက်ခွန်မှူးနှင့် ဒုလက်ထောက် အကောက်ခွန်မှူးတို့က ကျပ် ၁၂ သိန်း လက်ခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း ကော်မရှင်က ထုတ်ပြန်သည်။

ထိုသို့ စစ်ဆေးတွေ့ရှိမှုကြောင့် အကောက်ခွန်ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းသဉ္ဇာ၊ ဦးစီးအရာရှိ ဦးဗိုလ်ဗိုလ်၊ အကောက်ခွန်မှူး ဦးဟန်ဝင်းအောင်၊ ဒုတိယ အကောက်ခွန်မှူး ဦးဇော်ဝင်းဟိန်း၊ ဒုတိယ အကောက်ခွန်မှူး ဦးနေမင်းထက်၊ လက်ထောက် အကောက်ခွန်မှူး ဦးသန်းအေး-၆၊ ဒုလက်ထောက် အကောက်ခွန်မှူး ဦးသိန်းဝင်း-၇ တို့အပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ အမှုဖွင့်ထားကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် Delivery Van များ၏ ကွဲလွဲချက်များအပေါ် တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း မပြုဘဲ ဆက်လက် ဆောင်ရွက်ရန် ခွင့်ပြုခဲ့ခြင်း၊ Delivery Van များ ဆိပ်ကမ်းမှ ထုတ်ယူရာတွင် ဆိပ်ကမ်းတာဝန်ကျ အကောက်ခွန်ဝန်ထမ်းများ၏ ငွေကြေးများ လက်ခံရယူခဲ့ခြင်းနှင့် စပ်လျဉ်း၍ ကွင်းဆင်း စစ်ဆေးခြင်း၊ အရေးယူ ဆောင်ရွက်ခြင်းမရှိဘဲ ယင်းမော်တော်ယာဉ်များ ထုတ်ယူနိုင်ရန် ခွင့်ပြုခဲ့ခြင်းတို့မှာ လက်အောက် ဝန်ထမ်းများက အဂတိလိုက်စားမှု ဖြစ်စဉ်များအပေါ် ပူးပေါင်းကြံစည် အားပေးကူညီခြင်း ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ညွှန်ကြားရေးမှူး ဦးမောင်မောင်ထွေးဆွေ၊ ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်၊ ညွှွန်ကြားရေးမှူး ဦးကျော်ညွန့်အောင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမြတ်ကျော်၊ ဦးစီးအရာရှိ ဦးမလန်ရှရွယ်တို့အပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ အရ လည်းကောင်း အရေးယူပေးပါရန် ကော်မရှင်က ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် သီလဝါနယ်မြေရဲစခန်းတွင် ပထမ သတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း ကော်မရှင်က သတင်းထုတ်ပြန်သည်။

Most Read

Most Recent