<

သရုပ်ဆောင် သီဟတင်စိုးက အဓမ္မပြုကျင့်သည်ဟု ဆိုသည့်အမှုတွင် တရားလို အိမ်အကူ၏ ဆေးစစ်ချက် ရယူထားပြီး မိမိယောက်ျားအား ယုံကြည်ကြောင်းနှင့် အဆုံးစွန် ရင်ဆိုင်မည်ဟု သရုပ်ဆောင်ဇင်မာဦး ပြောကြား

တရားလို အိမ်အကူက မီဒီယာများအား ရှင်းလင်းပြောကြားနေစဉ်

သရုပ်ဆောင် သီဟတင်စိုးက အဓမ္မပြုကျင့်သည်ဟု ဆိုသည့်အမှုတွင် တရားလို အိမ်အကူ၏ ဆေးစစ်ချက် ရယူထားပြီး မိမိယောက်ျားအား ယုံကြည်ကြောင်းနှင့် အဆုံးစွန် ရင်ဆိုင်မည်ဟု ဇနီးသည် ဒေါ်ဇင်မာဦးက ပြောကြားသည်။

တရားလို ဒေါ်ခင်မာမြင့်အား အမှုနှင့် ပတ်သက်သည့် ဆေးစစ်ချက်ကို ဇူလိုင် ၁၆ ရက်က သင်္ဃန်းကျွန်း (စံပြ) ဆေးရုံကြီးတွင် ပြုလုပ်ခဲ့ပြီး ရဲလုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သင်္ဃန်းကျွန်းမြို့နယ် ရဲစခန်းမှ သိရသည်။

“တရားလို ဒေါ်ခင်မာမြင့်ကို သင်္ဃန်းကျွန်း (စံပြ) ဆေးရုံကြီးမှာ ဆေးစစ်မှု ပြုလုပ်တယ်။ ဒါ့အပြင် သူ့ရဲ့ကျန်တဲ့ သက်သေတွေကို စစ်ဆေးတယ်။ စွပ်စွဲခံရသူနဲ့ ပတ်သက်လို့ သူ့ကို ဖမ်းဆီး စစ်ဆေးခြင်းတွေ၊ ဆေးစစ်ခြင်းတွေ လုပ်ဖို့ရှိပါတယ်။ ရဲလုပ်ငန်းစဉ်အတိုင်းပဲပေါ့။ လက်ရှိမှာ စွပ်စွဲခံရသူရဲ့ မိသားစုနဲ့ ဆက်သွယ်ထားပါတယ်။ စွပ်စွဲခံရသူနဲ့တော့ ဆက်သွယ် မရသေးပါဘူး။ ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။ တရားလိုဘက်က လိုက်ပါ ဆောင်ရွက်သူတွေ အပိုင်းကိုတော့ မသိပါဘူး”ဟု သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုး အမှုဖွင့်ခံရခြင်းနှင့် ပတ်သက်ပြီး ဇနီးသည် သရုပ်ဆောင် ဒေါ်ဇင်မာဦးက တုံ့ပြန်ပြောကြားသည့် ဗီဒီယိုဖိုင်တစ်ခုအား Pissiya News ဆိုသည့် လူမှုကွန်ရက် စာမျက်နှာမှ ည ၁၁ နာရီခန့်က လွှင့်တင်ခဲ့သည်။

အဆိုပါ ဗီဒီယိုဖိုင်တွင် ခင်ပွန်းသည် သီဟတင်စိုးအား ယုံကြည်ကြောင်း၊ ဖြစ်စဉ်နှင့် ပတ်သက်ပြီး အဆုံးစွန်ထိ ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ဒေါ်ဇင်မာဦးက ပြောကြားထားသည်ကို တွေ့ရသည်။

“ ကိုသီဟက ဒီလိုလူစားမျိုး မဟုတ်ဘူး။ ကျွန်မ အဲဒါကို ယုံကြည်တယ်။ အခု ဒီလိုဖြစ်သွားတဲ့အပေါ်မှာ ကျွန်မကလည်း မိန်းကလေးဘက်ကို ဒီလိုမျိုးလို့ ဘယ်လိုမှ မထင်မိဘူး။ ကျွန်မ မိန်းကလေးတွေအပေါ်ကို စိတ်ယုတ်မာ မထားတတ်ဘူး။ တစ်တန်းစားတည်း ဆက်ဆံတယ်” ဟု ဒေါ်ဇင်မာဦးက ဆိုသည်။

အိမ်ဖော် အမျိုးသမီးအား ထွန်းတောက် အကျိုးဆောင်မှ ခေါ်ယူလာခြင်း ဖြစ်ကြောင်း၊ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျပ်သိန်း ၁၀၀ ပေးရန် လာရောက် ညှိနှိုင်းကြောင်း ဒေါ်ဇင်မာဦး က ပြောကြားသည်။

 

တရားလို အိမ်အကူက မီဒီယာများအား ရှင်းလင်းပြောကြားနေစဉ်

“ ကိုသီဟကို ယုံတယ်လို့။ ချက်ချင်းကြီး သိန်း ၁၀၀ ကျွန်မတို့မှာ မရှိဘူး။ ရှိလည်း မပေးနိုင်ဘူးလို့။ ကိုသီဟ မှန်တယ်လို့။ အဲဒီအတွက်ကြောင့် ကိုသီဟ တကယ်သူနဲ့ ဘာမှမဖြစ်ခဲ့ဘူးဆိုရင် အဆုံးထိအောင် တက်တိုက်လိုက်တော့လို့ ပြောထားတယ်” ဟု ဒေါ်ဇင်မာဦးက ပြောကြားသည်။

တိုင်တန်းသည့် အိမ်အကူ ဒေါ်ခင်မာမြင့်တွင် ခင်ပွန်းနှင့် သားတစ်ဦး ရှိပြီး နယ်ဘက်တွင် နေထိုင်ကြောင်း၊ သီဟတင်စိုး၏ နေအိမ်တွင် အိမ်အကူလုပ်သည်မှာ ဒုတိယအကြိမ် ဖြစ်ကြောင်း၊ ပြီးခဲ့သည့် နှစ်လ သုံးလ ခန့်ကလည်း အဆိုပါအိမ်တွင် အိမ်အကူအဖြစ် လုပ်ကိုင်ခဲ့ဖူးကြောင်း မခင်မာမြင့်၏ အဒေါ်ဝမ်းကွဲ တော်စပ်သူ ဒေါ်ညိုက ဆိုသည်။

အမှုဖွင့်ထားသူ ဒေါ်ခင်မာမြင့်က မီဒီယာများသို့ ဖြေကြားရာတွင် ၎င်း၏ အခန်းအတွင်းသို့ သီဟတင်စိုးက ၀င်လာချိန်တွင် မူးနေကြောင်း၊ ထိုသို့ ၀င်လာချိန်တွင် အခန်းအတွင်း၌ ၎င်းပြုစုရသည့် အဘွားတစ်ဦးလည်း ရှိနေပြီး အဆိုပါ အခန်းအတွင်း၌ သီဟတင်စိုး က ၎င်းအား အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ပြုစုရသည့် အဘွားမှာ အခင်းဖြစ်စဉ်၌ အခြားတစ်ဖက်သို့ ကိုယ်ကိုစောင်း၍ လှဲနေကြောင်း၊ အဘွားမှာ နားလည်း မကြားကြောင်း စသည်ဖြင့် ဖြေကြားထားသည်။

အဆိုပါအမှုကို ဇူလိုင် ၁၄ ရက် ညပိုင်း က ရဲစခန်းသို့ အိမ်အကူအမျိုးသမီးက သွားရောက် တိုင်တန်းခဲ့ခြင်း ဖြစ်သည်။

တရားလို အိမ်အကူ အမျိုးသမီး ဒေါ်ခင်မာမြင့် (၄၀နှစ်) ၏ တိုင်တန်းချက်မှာ ၎င်းသည် ဇူလိုင် ၅ ရက်က သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏကြီးပွားရေးရပ်ကွက် ပြည်ထောင်စုရိပ်မွန်အိမ်ရာရှိ သရုပ်ဆောင် သီဟတင်စိုး၏ နေအိမ်၌ တစ်လလျှင် ငွေကျပ် ၁၅၀၀၀၀ ဖြင့် အိမ်အကူ ၀င်ရောက် လုပ်ကိုင်ခဲ့ကြောင်း၊ ထိုသို့ လုပ်ကိုင်ရာတွင် ဦးသီဟတင်စိုး၏ ယောက္ခမဖြစ်သူအား ပြုစုရသည့် အလုပ်ကို အဓိကထားပြီး လုပ်ဆောင်ရကြောင်း၊ ယင်းသို့ လုပ်ကိုင်နေစဉ် ဇူလိုင် ၁၃ ရက် နံနက် ၈ နာရီခန့်၌ ဦးသီဟတင်စိုးမှာ အပြင်သို့ ထွက်သွားခဲ့ကြောင်း၊ ထို့နောက် ဦးသီဟတင်စိုး၏ ဇနီးဖြစ်သူနှင့် သားဖြစ်သူတို့မှာလည်း နေ့လယ်ပိုင်းတွင် နေအိမ်မှ ထွက်သွားခဲ့သဖြင့် အိမ်ထဲတွင် ဒေါ်ခင်မာမြင့်နှင့် ၎င်းပြုစုရသည့် အဘွားတို့နှစ်ဦးတည်းသာ ကျန်ရှိခဲ့သည်ဟု တိုင်တန်းချက်တွင် ပါရှိကြောင်း သိရသည်။

ယင်းသို့ ထွက်သွားခဲ့ပြီးနောက် ည ၇ နာရီခန့်တွင် ဦးသီဟတင်စိုးမှာ နေအိမ်သို့ ပြန်လည် ရောက်ရှိလာခဲ့ကြောင်း၊ ထို့နောက် ဒေါ်ခင်မာမြင့်မှာ ၎င်းပြုစုရသည့် အဘွားကို လိုအပ်သည်များ ပြုလုပ်ပေးပြီး အခန်းအတွင်းရှိ ခုတင်ပေါ်တွင် ထိုင်နေစဉ် ဦးသီဟတင်စိုးမှာ ပုဆိုးဝတ်ဆင်လျက် အင်္ကျီမပါရှိဘဲ အခန်းအတွင်းသို့ ရောက်ရှိလာကာ ဒေါ်ခင်မာမြင့်ကို တွန်းလှဲပြီး သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း တရားလို၏ တိုင်တန်းချက်တွင် ပါရှိသည်။

အဆိုပါ အိမ်အကူအမျိုးသမီး၏ တိုင်တန်းမှုအား သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏနယ်မြေရဲစခန်းက (ပ) ၃၈၆/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ကာ စစ်ဆေး ဆောင်ရွက်နေကြောင်း သိရသည်။

 

July 16, 2018














Copy Protected by Chetan's WP-Copyprotect.