<

တောင်ဥက္ကလာပမြို့နယ်၌ ဓာတ်လိုက်သေဆုံးခဲ့သည့် အဋ္ဌမတန်းကျောင်းသား မောင်မျိုးမင်းထွန်း၏ ဈာပနအား ရေဝေးသုသာန်တွင် ပြုလုပ်

ဓာတ်လိုက်သေဆုံးခဲ့သည့် အဋ္ဌမတန်းကျောင်းသား မောင်မျိုးမင်းထွန်း၏ ဈာပနကို တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် ချယ်ရီဥယျာဉ်အိမ်ရာအနီး သံသုမာလမ်းမပေါ်၌ ဓာတ်လိုက်သေဆုံးခဲ့သည့် အဋ္ဌမတန်းကျောင်းသား မောင်မျိုးမင်းထွန်း၏ ဈာပနအား ဇူလိုင် ၁၅ ရက်က ရေဝေးသုသာန်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဈာပနာကို မောင်မျိုးမင်းထွန်း၏ မိဘဆွေမျိုးများသာမက သူငယ်ချင်း ကျောင်းသား ကလေးငယ်များ၊ ဆရာ/ဆရာမများနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ လာရောက်ခဲ့ကြပြီး လူဦးရေ ရာဂဏန်းခန့် ရှိခဲ့ကြောင်း သိရသည်။

အဋ္ဌမတန်း ကျောင်းသားတစ်ဦး ဓာတ်လိုက်သေဆုံးမှုတွင် ဓာတ်ကြိုးပြတ်ကျနေသည်ဟု ပြည်သူတစ်ဦးက ဖုန်းဆက်အကြောင်းကြားစဉ် ရုံးဖုန်းလိုင်းမအားခြင်း ဖြစ်ဖွယ်ရှိကြောင်း ဇူလိုင် ၁၄ ရက်က မြို့နယ်လျှပ်စစ်ရုံး တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

မောင်မျိုးမင်းထွန်းသည် ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက် ညနေ ၅ နာရီခန့်က ကျူရှင်၌ စာသင်နေစဉ် ဗိုက်ဆာသဖြင့် မုန့်ထွက်စားပြီး အပြန်တွင် သံသုမာလမ်းမပေါ် ပြတ်ကျနေသာ ဓာတ်ကြိုးနှင့် ထိမိ၍ ဓာတ်လိုက်သေဆုံးခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဓာတ်လိုက်သေဆုံးခဲ့သော မောင်မျိုးမင်းထွန်း၏ မိသားစုအတွက် တောင်ဥက္ကလာပမြို့နယ် လျှပ်စစ်ရုံးက ကူညီငွေကျပ် ၁၇ သိန်းထောက်ပံ့ခဲ့ပြီး Eleven Media Group က ကျပ်သုံးသိန်း ထောက်ပံ့ခဲ့ကြောင်း သိရသည်။

သေဆုံးခဲ့သည့် အဋ္ဌမတန်းကျောင်းသား မောင်မျိုးမင်းထွန်းသည် တောင်ဥက္ကလာပမြို့နယ် အလက(၂)တွင် ပညာသင်ယူနေသူဖြစ်ပြီး ကျောင်းစာတော်၍ လိမ္မာရေးခြားရှိသူဖြစ်ကြောင်း သိရသည်။

ဓာတ်လိုက်သေဆုံးခဲ့သော အဋ္ဌမတန်းကျောင်းသား မောင်မျိုးမင်းထွန်းသည် တောင်ဥက္ကလာပမြို့နယ် (၇) ရပ်ကွက် ရှင်သိဒ္ဓိ ၁၁ လမ်း (ခ)တွင် နေထိုင်သူဖြစ်ပြီး ဖခင် ဦးဆန်းငွေနှင့် မိခင် ဒေါ်အေးမြင့်တို့၏ မွေးချင်းခြောက်ဦး ရှိသည့်အနက် ငါးဦးမြောက်ကလေး ဖြစ်ကြောင်း သိရသည်။

စည်သူ

July 16, 2018














Copy Protected by Chetan's WP-Copyprotect.