ဒေါနတောင်ကျော်လမ်းသစ်တွင် ယာဉ်များ ပုံမှန်သွားလာနိုင်ပြီ ဖြစ်သော်လည်း မိုးထပ်ရွာမည်ကို စိုးရိမ်နေကြ

ဒေါနတောင်ကျော်လမ်းသစ်တွင် ယာဉ်များ ပုံမှန်သွားလာနိုင်ပြီ ဖြစ်သော်လည်း မိုးထပ်ရွာမည်ကို စိုးရိမ်နေကြ
Published 16 July 2018

ဒေါနတောင်ကျော်လမ်းတွင် ယာဉ်များသွားလာနေကြသည်ကို တွေ့ရစဉ်

မြဝတီ-ကော့ကရိတ် ဒေါနတောင်ကျော် အာရှလမ်းသစ်တွင် ဇူလိုင် ၁၅ ရက်က မော်တော်ယာဉ်များ ပုံမှန်သွားလာနိုင်ပြီ ဖြစ်သော်လည်း မိုးထပ်မံ ရွာသွန်းမည်ကို စိုးရိမ်နေရဆဲ ဖြစ်ကြောင်း သိရသည်။

မြဝတီ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွင် အရေးပါသော ဒေါနတောင်ကျော်လမ်း မိုင်တိုင်အမှတ် 154 KM နှင့် 155 KM ကြားတွင် ဇူလိုင် ၉ ရက်နံနက်က မိုးရွာသွန်းမှုကြောင့် တောင်နံရံမြေသားများ ပြိုကျကာ လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။

လမ်းပိတ်ဆို့မှုကြောင့် ယာဉ်ကြောင်း၊ ကုန်သွယ်မှု မကြာခဏ ရပ်တန့်ခဲ့ကြရာမှ ဇူလိုင် ၁၅ ရက် နံနက် ၁၁ နာရီခန့်က ရှင်းလင်းမှု ပြီးစီးခဲ့သည့်အတွက် နှစ်ဖက်ယာဉ်များ အသွားအလာ မောင်းနှင်နိုင်ကြပြီ ဖြစ်ကြောင်း သိရသည်။

“မနေ့ညနေ ၅ နာရီလောက်ကတစ်ကြိမ် ရှင်းလင်းပြီးစီးခဲ့ပါတယ်။ ညမိုးရွာတဲ့အတွက် ယနေ့နံနက် ၂ နာရီလောက်မှာ ထပ်ပြိုတော့ ရှင်းလင်းနေရတာ ၁၁ နာရီခန့်က ပြီးစီးခဲ့ပါတယ်။ ခုတော့ ယာဉ်အသွားအလာ ပုံမှန်မောင်းနှင်သွားလာနိုင်ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ မိုးထပ်ရွာမှာကို စိုးရိမ်နေရဆဲပါ။ မိုးကြီးရင် မြေသားတွေ ထပ်မံပြိုကျလာမှာ ဖြစ်တဲ့အတွက် ဘိုဒူဇာတစ်စီး အဆင်သင့်ထားရပါတယ်” ဟု လမ်းရှင်းလင်းရေး လုပ်ငန်းခွင်သို့ ရောက်ရှိနေသော လမ်းဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

တောင်နံပြိုကျမှုအား ရှင်းလင်းရေး ဆောင်ရွက်နေစဉ် မော်တော်ယာဉ် သွားလာခြင်းကို ရပ်တန့်ပြီး လမ်းရှင်းလင်းရေး ဆောင်ရွက်နေရခြင်းကြောင့် တစ်ကီလိုမီတာအရှည်ရှိ ယာဉ်နှစ်တပ်ကားတန်းကြီးအား ဇူလိုင် ၁၃ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ခြောက်ဘီးယာဉ် တစ်စီးက အရှိန်မထိန်းနိုင်ဘဲ ယာဉ် ၁၁ စီးအထိ ဆင့်တိုက်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါ ဒေါနတောင်ကျော်လမ်းသစ်သည် သင်္ဃန်းညီနောင်မှ ကော့ကရိတ်အထိ ၁၈ မိုင်ခန့်သာ ကွာဝေးပြီး ရန်ကုန်သို့ တိုက်ရိုက်နေ့ချင်းရောက် ကုန်သွယ်နိုင်သည့် လမ်းကြောင်းဖြစ်ပြီး နေ့စဉ် မော်တော်ယာဉ်ကြီးငယ် တစ်ထောင်ကျော် ကူးလူးသွားလာလျက်ရှိသည်။

 

Most Read

Most Recent