<

မြောင်းမြမြို့၌ လွှတ်တော်ကိုယ်စားလှယ်များကို အကြည်ညိုပျက်စေရန် ဝေဖန်ရေးသားသည်ဟုဆိုကာ လွှတ်တော်ကိုယ်စားလှယ်ရုံး အဖွဲ့ဝင်က ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားသည့် ဖြစ်စဉ်တွင် တရားလိုမှာ လွှတ်တော်ကိုယ်စားလှယ်ရုံး အဖွဲ့ဝင် မဟုတ်ကြောင်းနှင့် ကိုယ်စားလှယ်ရုံးနှင့် မပတ်သက်ကြောင်း ကြေညာချက်ထုတ်ပြန်

မြောင်းမြမြို့တွင် လွှတ်တော်ကိုယ်စားလှယ်များ နယ်မြေကွင်းဆင်းရာ၌ ကျောင်းသားများ စောင့်ဆိုင်းကြိုဆိုနေသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ကျောင်းသား ကျောင်းသူတွေ အခုထိ အသုံးချခံနေရပဲလား။ ခေတ်အဆက်ဆက် လူကြီးတွေလာတိုင်း လက်လေးပိုက်ပြီး ဦးခိုက်နေရတုန်းပဲလား ပြောင်းလဲချင်လား မပြောင်းလဲချင်လားဟု စာသားများပါဝင်သည့် ဝေဖန်ပြောကြားချက် တစ်ခုကို Facebook ပေါ်တွင် ရေးသားခဲ့သည့် ပြည်သူတစ်ဦးအား မြောင်းမြမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် လွှတ်တော်ကိုယ်စားလှယ်များ ရုံးအဖွဲ့ဝင်က လွှတ်တော်ကိုယ်စားလှယ်များအား အကြည်ညိုပျက်စေရန် ရေးသားခဲ့သည်ဟုဆိုကာ ဇူလိုင် ၁၁ ရက်က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် တိုင်ကြားခဲ့သည့် ဖြစ်စဉ်တွင် လွှတ်တော်ကိုယ်စားလှယ်ရုံး အဖွဲ့ဝင် ဟုဆိုကာ တရားစွဲဆိုခဲ့သည့် တရားလိုဖြစ်သူ ဦးပြုံး (ခ) ဦးပြူးမှာ လွှတ်တော်ကိုယ်စားလှယ်ရုံး အဖွဲ့ဝင် မဟုတ်ဘဲ လွှတ်တော်ကိုယ်စားလှယ်ရုံးနှင့် ပတ်သက်ခြင်း မရှိကြောင်း မြောင်းမြမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များရုံး အဖွဲ့က ဇူလိုင် ၁၄ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၁၀ ရက်တွင် မြောင်းမြမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဖြစ်ကြသည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမန်းထွန်းကြိုင်၊ မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီး ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦး၊ လွှတ်တော်ကိုယ်စားလှယ်များရုံး အဖွဲ့မှူး ဦးဝင်းမြင့်နှင့် ရုံးအဖွဲ့ဝင် ဦးအောင်ကိုလတ်တို့မှာ မဲဆန္ဒရှင် ပြည်သူများနှင့် တွေ့ဆုံရန် ငါးမြင်းချောင်း ကျေးရွာအုပ်စု ကွင်းကလေးကျေးရွာသို့ သွားရောက်ခဲ့ကြောင်း၊ ယင်းသို့ သွားရောက်ရာတွင် ကျောင်းသား ကျောင်းသူများက စောင့်ဆိုင်းကြိုဆိုခဲ့ကြောင်း၊ ယင်းသို့ ကြိုဆိုနေသည့် ဓာတ်ပုံများနှင့် အခြားသော မှတ်တမ်းဓာတ်ပုံများကို လွှတ်တော်ကိုယ်စားလှယ်များရုံး အဖွဲ့ဝင် ဦးပြုံး(ခ) ဦးပြူးက ၎င်း၏ Facebook အကောင့်ဖြစ်သည့် Sat Ka ဆိုသည့် အကောင့်မှ Post တင်ခဲ့ကြောင်း၊ ၎င်းပုံများတင်ပြီး တစ်နာရီခန့်အကြာတွင် ကိုကောင်းထက်ဇင်ဆိုသူက ၎င်း၏ Facebook အကောင့်ဖြစ်သည့် Kaung Htet Linn အမည်ရှိ အကောင့်မှ လွှတ်တော်ကိုယ်စားလှယ်အား ကျောင်းသား ကျောင်းသူများ ကြိုဆိုနေသည့်ပုံအား ကူးယူ၍ လွှတ်တော်ကိုယ်စားလှယ်များနှင့် ရုံးအဖွဲ့မျက်နှာများအား စတေကာဖြင့် အုပ်ကာ “ကျောင်းသား ကျောင်းသူတွေက အခုထိ အသုံးချခံနေရပဲလား၊ ခေတ်အဆက်ဆက် လူကြီးတွေလာတိုင်း လက်ကလေးပိုက်ပြီး ဦးခိုက်နေရတုန်းပဲလား၊ ပြောင်းလဲချင်လား၊ မပြောင်းလဲချင်လား၊ ကိုယ်မျက်နှာလိုအားရ လုပ်ချင်တာနဲ့ ကလေးတွေ စိတ်ဓာတ်ကို ရိုက်ချိုးပြီး စာသင်ချိန်တွေကို လုပ်ချင်တိုင်း လုပ်လို့ရသတဲ့လား” စသည့် စာသားများရေးသားကာ Post တင်ခဲ့ကြောင်း၊ ယင်းသို့ ရေးသားခဲ့မှုများမှာ ပြည်သူလူထုက လွှတ်တော်ကိုယ်စားလှယ်များ အထင်အမြင် လွှဲမှားအောင် ရေးသားခဲ့ခြင်း ဖြစ်သောကြောင့် ဟုဆိုကာ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦးက ကိုကောင်းထက်ဇင်အား Facebook Messenger မှတစ်ဆင့် တင်ထားသည့်  Post အား ဖျက်ပေးရန် ပြောကြားခဲ့ကြောင်း၊ ကိုကောင်းထက်ဇင်ကလည်း ဖျက်ပေးမည်ဟု ပြန်လည် ပြောကြားခဲ့သော်လည်း ဇူလိုင် ၁၁ ရက် ညနေပိုင်းအထိ Post အား ဖျက်ပေးခြင်း မရှိသောကြောင့် ကိုကောင်းထက်ဇင်မှာ လွှတ်တော်ကိုယ်စားလှယ်များအား ပြည်သူများက အထင်မြင် လွဲမှားစေရန် ရေးသားခဲ့သည် ဟုဆိုကာ လွှတ်တော်ကိုယ်စားလှယ်များရုံး အဖွဲ့ဝင် ဦးပြုံး(ခ) ဦးပြူးမှ အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း၊ တရားလိုဖြစ်သူ ဦးပြုံးက လွှတ်တော်ကိုယ်စားလှယ်များရုံး အဖွဲ့ဝင် ဟုဆိုကာ အမှုဖွင့်တိုင်ကြားမှုမှာ လွှတ်တော်ကိုယ်စားလှယ်ရုံးနှင့် ပတ်သက်ခြင်းမရှိဘဲ ဦးပြုံးမှာလည်း လွှတ်တော်ကိုယ်စားလှယ်ရုံး အဖွဲ့ဝင် မဟုတ်ကြောင်း မြောင်းမြမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များရုံး အဖွဲ့မှ သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ လွှတ်တော်ကိုယ်စား လှယ်များရုံးအဖွဲ့မှာ ဦးပြုံးမပါပါဘူး။ အခု တရားစွဲဆိုတာမှာလည်း လွှတ်တော်ကိုယ်စားလှယ်များ ရုံးအဖွဲ့ရဲ့ သဘောတူညီမှုနဲ့ လုပ်ဆောင်ခဲ့တာ မဟုတ်ပါဘူး။ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦးရဲ့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ ကိုယ်စားလှယ်အဖြစ် လုပ်ဆောင်ပေးနေတာတော့ သိပါတယ်။ အခုဖြစ်စဉ်မှာ ကိုကောင်းထက်လင်းတင်တဲ့ ပို့စ်နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်များရုံး အဖွဲ့ကို အကြည်ညို ပျက်စေတယ်လို့ မထင်ပါဘူး” ဟု မြောင်းမြမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များရုံး အဖွဲ့မှူး ဦးဝင်းမြင့်က ပြောကြားသည်။

ကြေညာချက် ထုတ်ပြန်သည့် အကြောင်းနှင့် ပတ်သက်၍ တရားလို တိုင်ကြားခဲ့သူ ဦးပြုံး (ခ) ဦးပြူးကို တွေ့ဆုံမေးမြန်းရာတွင် “ကျွန်တော် အခု အရမ်းစိတ်မကောင်း ဖြစ်နေတယ်။ အခုချိန်မှာ ကျွန်တော်ဘာမှ မဖြေချင်ပါဘူး။ ကျွန်တော်အခုချိန် ဖြေလိုက်ရင် စိတ်ပေါက်ကွဲကုန်မှာစိုးလို့ မဖြေချင်သေးပါဘူး” ဟု ပြန်လည်ဖြေကြားခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ကိုယ်စားလှယ်ရုံး အဖွဲ့အား အကြည်ညိုပျက်စေသည် ဟုဆိုကာ အမှုဖွင့်လှစ်ထားခြင်းဖြစ်ပြီး ပါဝင်ခဲ့သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမန်းထွန်းကြိုင်နှင့် လွှတ်တော်ကိုယ်စားလှယ်များရုံး အဖွဲ့မှ အမှုဖွင့်လှစ် တိုင်ကြားရသည့် အကြောင်းအရာနှင့် ပတ်သက်၍ အကြည်ညို ပျက်စေသည် ထိခိုက်နစ်နာစေသည်ဟု မထင်မိဟု ငြင်းဆိုထားခြင်းကြောင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦးအား တွေ့ဆုံမေးမြန်းရာတွင် “ဦးပြုံးကို ကျွန်မမေးကြည့်တယ်။ ဦးပြုံးက ဘာလို့ဒီအမှုကိုဖွင့်တာလဲ မေးကြည့်တဲ့ အခါမှာ အခုသတင်းတွေထဲမှာလည်း တွေ့လာတယ်။  Facebook တွေထဲမှာလည်း တွေ့လာတယ်။ ၆၆ (ဃ) နဲ့ပတ်သက်ပြီး ဥပဒေပြောင်းသွားတာတွေ၊ မေးကြည့်တဲ့အခါမှာ ကျွန်တော်က ၆၆ (ဃ) ဆိုတာတွေကို အဓိပ္ပာယ်လည်း မသိဘူး။ သူသိစရာလည်း မလိုဘူး စခန်းမှာ သူမေးတယ်။ လွတ်လပ်စွာ ရေးသားပြောဆိုခွင့် ရှိသလို လွတ်လပ်စွာ ရေးသားပြောဆိုခွင့်က တစ်ဖက်သားကို ထိခိုက်လို့ရှိရင် ဘယ်လိုကာကွယ်လို့ရလဲ ရတဲ့ဥပဒေရှိလား မေးတယ်၊ အဲဒီရှိတဲ့အရာနဲ့ ကျွန်တော်ကတော့ ဒီလိုရှိတယ်။ ကျွန်တော့်နေရာက ဒီလိုခံစားရတယ်။ အဲဒီတော့ ဒီဟာအပေါ်မှာ ကျွန်တော် ဘယ်လိုဖွင့်လို့ ရမလဲလို့ မေးတဲ့အပေါ်မှာ ဒီလိုပုဒ်မတပ်ခြင်းက ဦးပြူးတပ်တာ မဟုတ်ဘူးဆိုတာ ကျွန်မမေးလို့ သိရတယ်။ အမှုဖွင့်ဖို့ ဦးပြုံးကိုတော့ ကျွန်မအနေနဲ့ ခိုင်းစေခဲ့ခြင်း ကိုယ်စားလှယ်လွှတ်ခြင်း မရှိခဲ့ဘူး။ ဦးပြုံးက ကျွန်မလွှတ်တော် လုပ်ငန်းများနဲ့ မအားမလပ် ဖြစ်နေချိန်ဆို ကျွန်မရဲ့ကိုယ်စား ဆောင်ရွက်ပေးနေသူပါ။ သူ့ကို ကျွန်မသိထားတာက လွှတ်တော်ကိုယ်စားလှယ်များရုံး အဖွဲ့ဝင်လို့ပဲ သိထားပါတယ်” ဟု ဒေါ်ခိုင်ဇင်ဦးက ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မြောင်းမြမြို့မရဲစခန်းက (ပ) ၁၀၂၀/၂၀၁၈ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်လှစ် စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ယနေ့အချိန်ထိ စွပ်စွဲခံရသူများနှင့် နစ်နာသည်ဆိုသည့် သက်သေများကို ခေါ်ယူစစ်ဆေးရခြင်း မရှိသေးကြောင်း၊ မြောင်းမြမြို့မ ရဲစခန်းမှူးနှင့် တွေ့ဆုံမေးမြန်းခွင့်ရရန် ခွင့်တောင်းခဲ့သော်လည်း ရုံးချိန်မဟုတ်သောကြောင့် အပြင်သို့ ရောက်ရှိနေသဖြင့် ရုံးချိန်များတွင်သာ လာရောက် မေးမြန်းရန်သာ အကြောင်းပြန်ကြားသည်။

 

July 15, 2018














Copy Protected by Chetan's WP-Copyprotect.