ဆော်ဒီနိုင်ငံမှ ဝယ်ယူမှုမရှိခြင်းနှင့် ငါးထုတ်လုပ်မှုများနေပြီး ဝယ်လိုအားမရှိခြင်းကြောင့် ငါးမြစ်ချင်းဈေး ယခုလအတွင်း အနိမ့်ဆုံးအဆင့် ရောက်ရှိ

ဆော်ဒီနိုင်ငံမှ ဝယ်ယူမှုမရှိခြင်းနှင့် ငါးထုတ်လုပ်မှုများနေပြီး ဝယ်လိုအားမရှိခြင်းကြောင့် ငါးမြစ်ချင်းဈေး ယခုလအတွင်း အနိမ့်ဆုံးအဆင့် ရောက်ရှိ
Published 16 July 2018

ငါးမြစ်ချင်းမွေးမြူမှု တစ်နှစ်ထက်တစ်နှစ် တိုးထုတ်လာမှုရှိနေပြီး လက်ရှိအချိန်တွင် ဝယ်လိုအားမရှိ ခြင်းကြောင့် ငါးမြစ်ချင်းဈေးကျဆင်းကာ ယခုလတွင် ဈေးအနိမ့်ဆုံးအဆင့်ရောက်ရှိနေပြီဟု ဇူလိုင် ၁၅ ရက်က ငါးမွေးမြူရေး လုပ်ငန်းရှင်များအသင်း အမှုဆောင် ဦးဆန်းထိုက်က ပြောကြားသည်။

“ဒီနှစ်အတွင်းမှာ ဒီလ အနိမ့်ဆုံးပဲ။ စပြီးဈေးဆင်းတာကတော့ သုံးလပိုင်း လကုန်လေးလပိုင်း လဆန်းကဈေးက စဆင်းတာ။အခုက အနိမ့်ဆုံးဈေးကို ဆင်းနေတာ။ ငါးမြစ်ချင်းက နိုင်ငံခြားတင်ပို့တာ ၁၀၀ ထွက်တယ် ဆိုရင် ဆော်ဒီက ၄၀ လောက်ယူတယ်။ UAE က ၄၀ လောက်ယူတယ်။ ကျန်တဲ့နိုင်ငံ တွေက ၂၀ လောက်ယူတယ်။ အခုက ၄၀ လောက် ပြုတ်သွားတော့ ဝယ်လိုအားက ၆၀ ပဲရှိတော့ တယ်။ ဒီမှာမွေးထားတဲ့ ငါးတွေကလည်း တစ်နှစ်ထက် တစ်နှစ်ထုတ်ကုန်တွေက တိုးတိုး ထုတ်တာလေ။ ပထမနှစ်မှာ ၁၀၀ ထုတ်    တယ်ဆိုရင် ဒီနှစ်မှာ ၁၅၀ လောက်ထုတ် တယ်။ ၁၅၀ လောက်ထုတ်တဲ့အခါမှာ ဒီမှာ ဝယ်လိုအားက ၆၀ ပဲရှိတယ်။ ဘာမှလုပ်လို့ မရဘူး။ ပြည်တွင်းဈေးကွက်ကိုပဲ မီပြီး ရောင်းနေရတယ်” ဟု ဦးဆန်းထိုက်က ပြောကြားသည်။

လက်ရှိတွင် ငါးမြစ်ချင်းဈေးသည် ၁ ပိဿာ ၂၀ ရှိ ငါးအရွယ်အစား တစ်ပိဿာကို လက်ရှိတွင် ကျပ် ၂၂၅၀ ရှိပြီး ယခင်က ကျပ် ၂၅၀၀ ရှိကြောင်း၊  ၁ ပိဿာ ၅၀ ငါးအရွယ် အစား တစ်ပိဿာကို လက်ရှိတွင် ကျပ် ၂၅၅၀ ရှိပြီးယခင်က ကျပ် ၂၇၅၀-၂၈၀၀ ရှိကြောင်း ဟန်သစ်ငါးဒိုင်မှ သိရသည်။

“ငါးအစာကလည်း ဈေးကြီးတယ်။မနှစ်ကဆို ဖွဲနုတစ်ပိဿာကို ကျပ် ၃၆၀။ အခုဆိုရင် တစ်ပိဿာကို ၅၂၅ ကျပ်ရှိနေတယ်။ထုတ်လုပ်မူစရိတ်က များလာတယ်။ဖွဲနုလေးပိဿာကို ငါးတစ်ပိဿာဖြစ်မယ်ဆိုရင် ဖွဲနုဈေးက ၂၁၀၀ လောက် ဖြစ်လာတယ်။ငါးရောင်းတဲ့ဈေးက ၂၄၀၀ လောက်ပဲ ရတယ်ဆိုတော့ အစာဖိုး၊ မျိုးငါးဖိုး၊ ကန်ခ၊ အလုပ် သမားစရိတ် ကျန်တဲ့စရိတ်တွေအားလုံး ရှုံးတယ်။ အဲဒီစရိတ်တွေက ငါးတစ်ပိဿာမှာ ၅၀၀ လောက်ရှိတယ်။ ငါးဈေးက ၂၅၀၀၊ ၃၀၀၀ ကြားထဲ  ရောက်မှ ကိုက်တာ။ အခုက ငါးတစ်ပိဿာ ၂၅၀၀ ပျမ်းမျှလောက်တောင် မကိုက်ချင်ဘူးဆိုတော့ မလွယ်ဘူးဖြစ်နေတယ်။ မွေးမြူရေးလုပ်ငန်းတွေက ကန်ကိုရေ ထည့်ထားပြီး ပစ်ထားရမယ့်ပုံစံ ဖြစ်နေတယ်။ပိုက်ဆံရှိတဲ့သူ နောက်အရင်းရှိတဲ့သူတွေက ထပ်ရင်းပေါ့။ အရင်းမရှိတဲ့သူက မမွေးနိုင်တော့ဘူး”  ဟု ဦးဆန်းထိုက်က ဆိုသည်။

မြန်မာ့ငါး၊ ပုဇွန်များ ဆော်ဒီနိုင်ငံသို့ တင်ပို့ခွင့်ရပ်ဆိုင်းခြင်းသည် ကမ္ဘာ့ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေးအဖွဲ့ OIE ရဲ့ ကြေညာချက်အရ မြန်မာနိုင်ငံ ရေသတ္တဝါတွင် ရောဂါမကင်းစင်သည့်အတွက် ဆော်ဒီ နိုင်ငံက ဧပြီ ၁ ရက်က ယာယီပိတ်သိမ်းခဲ့ပြီး လက်ရှိအခြေအနေထိ တင်ပို့ခွင့်ထူးခြားမှု မရှိသေးကြောင်း သိရသည်။

“ဆော်ဒီပြန်ဝယ်မှပဲ ငါးမြစ်ချင်း ဈေးကွက်က ကောင်းမှာ။ ပြန်မဝယ်ရင်တော့ မျှော်လင့်ချက်မရှိဘူး။ ဆော်ဒီပိတ်ကတည်းက ဈေးကစဆင်းတာ။ ဈေးဆင်းချင်နေတာက နည်းနည်းတော့ကြာနေပြီ။ ထုတ်ကုန်ကလည်း နည်းနည်းများလာတယ်။ ဈေးကွက် ရှိတဲ့ နိုင်ငံ UAE ၊ ဆော်ဒီတို့ တစ်လပိုင်းက စပြီး ဈေးကဆင်းချင်နေတယ်။ သုံးလပိုင်း ဆော်ဒီ ပိတ်သိမ်းတာလည်း ကြားပြီး လေးလပိုင်း ဈေးစဆင်းတော့တာပဲ” ဟု ဦးဆန်းထိုက် က ပြောကြားသည်။

 

 

Most Read

Most Recent