ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်မြေအတော်များများတွင် အောင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း NLD ပါတီပြောရေးဆိုခွင့်ရှိသူ ပြောကြား

ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်မြေအတော်များများတွင် အောင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း NLD ပါတီပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 15 July 2018

လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်မြေအတော်များများ၌ အောင်နိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနေဖြင့် မဲဆန္ဒနယ် အားလုံးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ရွေးကောက်ပွဲရလဒ် အခြေအနေနှင့် ပတ်သက်၍ ဒေါက်တာမျိုးညွန့်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့က နေရာတိုင်း ဝင်ပြိုင်မှာပါ။ အခု အကုန်လုံးကိုလည်း လျှောက်လွှာတွေ တင်ပြီးပါပြီ။ ဘာပဲပြောပြော နေရာတော်တော်များများမှာလည်း အောင်နိုင်လိမ့်မယ်လို့လည်း မျှော်လင့်ထားပါတယ်” ဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာ၌ ကျင်းပမည်ဖြစ်ပြီး သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင် အမည်စာရင်းများကို ဇူလိုင် ၉ ရက်မှ စတင်ကာ ဇူလိုင် ၂၂ ရက်အထိ ကပ်ထားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။

ထို့ပြင် လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်းကို ဇူလိုင် ၂ ရက်မှ စတင်ကာ ဇူလိုင် ၁၁ ရက်အထိ တင်သွင်းနိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။

ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသည့် တစ်သီးပုဂ္ဂလ ခုနှစ်ဦး အပါအဝင် နိုင်ငံရေးပါတီ ၂၄ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၉ ဦးရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဇူလိုင် ၁၂ ရက် စာရင်းဇယားများအရ သိရသည်။

အတိုက်အခံပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သော်လည်း ပြည်နယ်များရှိ လွှတ်တော်ကိုယ်စားလှယ် လစ်လပ်မဲဆန္ဒနယ်အချို့ကို ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ကြောင်းနှင့် လစ်လပ်မဲဆန္ဒနယ် ၁၀ နေရာအတွက် ကိုယ်စားလှယ်လောင်း ၁၀ ဦး အမည်စာရင်း တင်သွင်းထားကြောင်း ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူများက ပြောကြားထားသည်။

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် လစ်လပ်ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များမှာ ကန်ပက်လက်၊ လဲချား၊ တာမွေ၊ မြင်းခြံတို့ဖြစ်ပြီး လစ်လပ်အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မှာ ကချင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၂) ဖြစ်ကြောင်းနှင့် လစ်လပ်တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များမှာ မတူပီ၊ တမူး၊ အုတ်တွင်း၊ သပိတ်ကျင်း၊ ရသေ့တောင်၊ မင်းဘူး၊ ဆိပ်ကမ်းနှင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၏ ရှမ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်တို့ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်မှ သိရသည်။

လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနေဖြင့် တိုင်းဒေသကြီးများကို ကိုယ်စားပြုသော လစ်လပ်မဲဆန္ဒနယ် အပါအဝင် အများစုတွင် အနိုင်ရနိုင်သော်လည်း ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် တိုင်းရင်းသားပါတီများ အနိုင်ရနိုင်ပြီး မန္တလေးတိုင်းဒေသကြီး၊ ရှမ်းတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်၊ ချင်းပြည်နယ် ကန်ပတ်လက်နှင့် တမူးမဲဆန္ဒနယ်တို့တွင် အကြိတ်အနယ် ပြိုင်ဆိုင်ရမည့် အနေအထားဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ပြောကြားသည်။

“လစ်လပ်မဲဆန္ဒနယ်က ၁၃ နေရာမှာ တွက်ကြည့်သလောက် သေချာပေါက် အနည်းဆုံး ခြောက်နေရာလောက်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရနိုင်တယ်လို့မြင်တယ်” ဟု ဒေါက်တာ ရန်မျိုးသိမ်းက ပြောကြားသည်။

Most Read

Most Recent