နိုင်ငံသားကတ်ပြားကို နိုင်ငံတကာအဆင့်မီ Smart Card ဖြင့် ပြောင်းလဲထုတ်ပေးမည့် e-ID စနစ် အကောင်အထည်ဖော်ရန် အခက်အခဲများ ရှိနေကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

နိုင်ငံသားကတ်ပြားကို နိုင်ငံတကာအဆင့်မီ Smart Card ဖြင့် ပြောင်းလဲထုတ်ပေးမည့် e-ID စနစ် အကောင်အထည်ဖော်ရန် အခက်အခဲများ ရှိနေကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 15 July 2018

နိုင်ငံသားကတ်ပြားကို နိုင်ငံတကာအဆင့်မီ Smart Card ဖြင့် ပြောင်းလဲထုတ်ပေးမည့် e-ID စနစ် အကောင်အထည်ဖော်ရန် အခက်အခဲများ ရှိနေကြောင်း e-ID စနစ် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

နိုင်ငံတော်အစိုးရအနေဖြင့် e-Government ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်သူများကို ဝန်ဆောင်မှုပေးနေရသည့် ဝန်ကြီးဌာနအနေဖြင့် Online စနစ်ဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် ဝန်ကြီးဌာနများ အားလုံး အသုံးပြုနိုင်မည့် Single Platform တစ်ခု တည်ဆောက်ရန် လိုအပ်နေပြီး ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်တွင် သက္ကရာဇ် ၂၀၃၀ ၌ လူတိုင်းမွေးစာရင်း အပါအဝင် မှတ်ပုံတင်(၁) ခုရရှိရေးလည်း ပါဝင်နေကာ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အနေဖြင့် လက်ရှိအစိုးရ စတင်တာဝန်ယူချိန်မှ စတင်၍ နိုင်ငံသား ကတ်ပြားကို နိုင်ငံတကာအဆင့်မီ Smart Card ဖြင့် ပြောင်းလဲထုတ်ပေးနိုင်ရန် လေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့ကြကြောင်း ဦးသိန်းဆွေက ပြောကြားသည်။

ကနဦးလေ့လာ ဆန်းစစ်ခြင်းကို ဆောင်ရွက်ရာတွင် ကမ္ဘာ့ဘဏ် အပါအဝင် ကုမ္ပဏီ၊ အဖွဲ့အစည်း ၅၀ ကျော်တို့၏ ရှင်းလင်းဆွေးနွေး လေ့လာသုံးသပ်ခြင်း၊ အခြားဝန်ကြီးဌာနများ ပါဝင်သော အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး လေ့လာချက်များအရ ကမ္ဘာ့နိုင်ငံများတွင် လူဦးရေ မှတ်ပုံတင်ခြင်း (Population Registration)နှင့် နိုင်ငံသား မှတ်ပုံတင်ခြင်း (National Registration) ဟူ၍ အဓိကအားဖြင့် စနစ်နှစ်မျိုးရှိသည်ကို တွေ့ရှိရသည့်အပြင် အိမ်နီးချင်းနိုင်ငံများနှင့် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများတွင် ဆောင်ရွက်နေသည့် စနစ်များကိုလည်း လေ့လာမှုအရ Digital စနစ်ဖြင့် မှတ်ပုံတင်ခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံနိုင်သည့် အခက်အခဲများနှင့် ကြာမြင့်ချိန်တို့ကို သိရှိနိုင်စေရေးအတွက် လုပ်ငန်းစမ်းသပ် ဆောင်ရွက်ခြင်းကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာမှ စတင်ဆောင်ရွက်ခဲ့ပြီး ပြည်ထောင်စုနယ်မြေ၊ မန္တလေး၊ ရန်ကုန်နှင့် ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးခွဲများ၊ ပြည်ပအလုပ်သမား လက်မှတ်ထုတ်ပေးရေးရုံး (ဒဂုံမြို့သစ်မြောက်ပိုင်း)၊ ထိုင်းနိုင်ငံသံရုံးနှင့် ထိုင်းနိုင်ငံရှိ CI စခန်း ၁၁ ခုတို့၌ လူဦးရေ (၁ ဒသမ ၇ သန်း) ခန့်ကို Biographic Data နှင့် Biometric Data များ ကောက်ယူနိုင်ခဲ့ပြီး ယင်းကဲ့သို့ လေ့လာစမ်းသပ် ဆောင်ရွက်ပြီးနောက် မူလက ရည်ရွယ်ထားသကဲ့သို့ နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းကို နည်းပညာ အသုံးပြုပြီး Digital စနစ်ဖြင့် ပြောင်းလဲထုတ်ပေးမည့် စနစ်ကိုသာ ဆောင်ရွက်မည်ဆိုပါက နိုင်ငံအတွင်း နေထိုင်သူအားလုံး၏ အချက်အလက်များကို ရရှိရန် ခက်ခဲနိုင်ခြင်း၊ နိုင်ငံသားများ၏ ကိုယ်ရေးအချက်အလက်များကိုသာ ထိန်းသိမ်းနိုင်ပြီး လုံခြုံရေးအရ အခြားအစိုးရအဖွဲ့အစည်းများနှင့် မျှဝေသုံးစွဲမှု မပြုနိုင်ခြင်း၊ နိုင်ငံတော်မှ အကောင်အထည်ဖော်နေသည့် e-Government စနစ်နှင့် Single Platform တစ်ခုတည်းအဖြစ် မဆောင်ရွက်နိုင်ခြင်းစသည့် အားနည်းချက်များကို တွေ့ရှိခဲ့ရကြောင်း ဦးသိန်းဆွေက ပြောကြားသည်။

ထို့ကြောင့် နိုင်ငံတကာတွင် ဆောင်ရွက်နေသကဲ့သို့ နည်းပညာ အသုံးပြု၍ နိုင်ငံအတွင်း နေထိုင်သူ တစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက် (Biographic Data) နှင့် လက်ဗွေ၊ မျက်လုံးသူငယ်အိမ်၊ မျက်နှာဓာတ်ပုံ၊ (Biometric Data) များကို ရယူသိမ်းဆည်း၍ လူတစ်ဦးချင်းအတွက် Unique ID Number တစ်ခုစီပေး၍ Database တွင် မှတ်တမ်းတင် ထိန်းသိမ်းခြင်းလုပ်ငန်းကို ပထမအဆင့်အနေဖြင့် ဆောင်ရွက်ရန်နှင့် မှတ်တမ်းတင်ပြီးသူများကို နိုင်ငံသားစိစစ်ပြီး နိုင်ငံသားကတ်ကို Smart Card ဖြင့် ထုတ်ပေးခြင်း လုပ်ငန်းကို ဒုတိယအဆင့်အနေဖြင့် ဆောင်ရွက်သွားရန် လျာထားခဲ့သည်။

ပထမအဆင့်အနေဖြင့် National Database တည်ဆောက်ရာတွင် နိုင်ငံတွင်းနေထိုင်သူ တစ်ဦးချင်းစီ၏ Biographic Data နဲ့ Biometric Data များကို ကောက်ယူ၍ Unique ID Number တစ်ခုချင်းစီ သတ်မှတ်ပေးပြီး မှတ်ပုံတင်ပေးခြင်း၊ ၎င်းနံပတ်ကို အသုံးပြု၍ အခြားဌာန၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်သွားခြင်းများ လုပ်ဆောင်မည် ဖြစ်သည်။ e-ID စနစ်ကို မြန်မာတစ်နိုင်ငံလုံး ဒေသအနှံ့ ဆောင်ရွက်မည်ဖြစ်၍ လုပ်ငန်းပမာဏကြီးမားသည့်အပြင် နည်းပညာပိုင်းနှင့် လုံခြုံရေးပိုင်းတို့ကိုလည်း ထည့်သွင်းစဉ်းစား ဆောင်ရွက်ရမည်ဖြစ်ပြီး ယင်းစနစ်ကို နိုင်ငံအတွင်း တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ဆောင်ရွက်ရမည်ဖြစ်၍ တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် ကြီးကြပ်မည့်အဖွဲ့များ၊ လုပ်ငန်း အကောင်အထည်ဖော်မည့် အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ရန် လိုအပ်နေကြောင်း သိရသည်။

Most Read

Most Recent