သရုပ်ဆောင် သီဟတင်စိုးက အဓမ္မပြုကျင့်သည်ဟု ဆိုကာ အသက် ၄၀ အရွယ် အိမ်အကူအမျိုးသမီး၏ တိုင်တန်းထားမှုအား စစ်ဆေးဆဲသာဖြစ်ပြီး အတည်မပြုနိုင်သေးဟုဆို

သရုပ်ဆောင် သီဟတင်စိုးက အဓမ္မပြုကျင့်သည်ဟု ဆိုကာ အသက် ၄၀ အရွယ် အိမ်အကူအမျိုးသမီး၏ တိုင်တန်းထားမှုအား စစ်ဆေးဆဲသာဖြစ်ပြီး အတည်မပြုနိုင်သေးဟုဆို
Published 15 July 2018

သင်္ဃန်းကျွန်းမြို့နယ်တွင် ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးက အဓမ္မပြုကျင့်သည်ဟု ဆိုကာ အသက် ၄၀ အရွယ် အိမ်အကူအမျိုးသမီး၏ တိုင်တန်းထားမှုအား ယင်းမြို့နယ်၊ သုဝဏ္ဍနယ်မြေရဲစခန်းက စစ်ဆေးနေကြောင်း ဇူလိုင် ၁၅ ရက်တွင် စုံစမ်းသိရှိရသည်။

အဆိုပါအမှုကို ဇူလိုင် ၁၄ ရက် ညပိုင်းက အိမ်အကူအမျိုးသမီး ဖြစ်သည့် မကွေးတိုင်းဒေသကြီးနေ ဒေါ်ခင်မာမြင့် (၄၀) နှစ်မှ ရဲစခန်းသို့ သွားရောက် တိုင်တန်းခဲ့ခြင်းဖြစ်ပြီး တိုင်တန်းချက်အရ ရဲလုပ်ငန်းစဉ်များဖြင့် စစ်ဆေးဆောင်ရွက်နေပြီး သရုပ်ဆောင် သီဟတင်စိုး က အဓမ္မပြုကျင့်မှု ရှိ/မရှိကို အတည်မပြုနိုင်သေးကြောင်း သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ဦးသီဟတင်စိုး အိမ်မှာ အလုပ်လုပ်တဲ့ အိမ်အကူအမျိုးသမီးက လာတိုင်တာပေါ့နော်။ လာတိုင်တန်းတော့ ကျွန်တော်တို့ရဲစခန်းဘက်ကတော့ အမှုဖွင့်ပေးရတာပါပဲ။ အမှုကတော့ ဖွင့်ထားပါပြီ။ သရုပ်ဆောင် သီဟတင်စိုးက အိမ်အကူ လာတိုင်တန်းသလို သားမယားပြုကျင့်မှု ကျူးလွန်ခြင်း ရှိ မရှိကိုတော့ ပြောလို့ မရသေးပါဘူး။ ဦးသီဟတင်စိုးဘက်က မှားရင်လည်း မှားမယ်။ မှန်ရင်လည်း မှန်မယ်။ အိမ်အကူဘက်က မှားရင်လည်း မှားမယ်။ မှန်ရင်လည်း မှန်မယ်” ဟု သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဆက်လက်၍ ၎င်းက “ ဦးသီဟတင်စိုး ကျူးလွန် မကျူးလွန်ကို အခုချိန်မှာ အတည်ပြုလို့ မရသေးပါဘူး။ ကျွန်တော်တို့ ရဲလုပ်ငန်းစဉ်အရရော ဆေးပညာအရပါ စစ်ဆေးမယ်။ စစ်ချက်တွေအားလုံး စုံလင်ရင်တော့ ဘယ်သူက မှားတယ်၊ ဘယ်သူက မှန်တယ်ဆိုပြီး သိရမှာပါ။ မနက်ဖြန် တရားလို အိမ်အကူအမျိုးသမီးကို စခန်းကို ခေါ်ထားပါတယ်။ သူ့ကို လိုအပ်တဲ့ ဆေးစစ်မှုတွေ ပြုလုပ်ထားဖို့ ရှိပါတယ်” ဟု ပြောကြားသည်။

တရားလို အိမ်အကူ အမျိုးသမီးဖြစ်သူ ဒေါ်ခင်မာမြင့် (၄၀) နှစ်၏ တိုင်တန်းချက်မှာ ၎င်းသည် ဇူလိုင် ၅ ရက်က သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဍ၊ ကြီးပွားရေးရပ်ကွက် ၊ ပြည်ထောင်စုရိပ်မွန်အိမ်ရာရှိ သရုပ်ဆောင် သီဟတင်စိုး၏ နေအိမ်၌ တစ်လလျှင် ငွေ ၁၅၀၀၀၀ ကျပ်ဖြင့် အိမ်အကူ ဝင်ရောက် လုပ်ကိုင်ခဲ့ကြောင်း၊ ထိုသို့ လုပ်ကိုင်ရာတွင် ဦးသီဟတင်စိုး၏ ယောက္ခမဖြစ်သူအား ပြုစုရသည့်အလုပ်ကို အဓိကထားပြီး လုပ်ဆောင်ရကြောင်း၊ ယင်းသို့ လုပ်ကိုင်နေစဉ် ဇူလိုင် ၁၃ ရက် နံနက် ၈ နာရီခန့်၌ ဦးသီဟတင်စိုးမှာ အပြင်သို့ ထွက်သွားခဲ့ကြောင်း၊ ထို့နောက် ဦးသီဟတင်စိုး၏ ဇနီးဖြစ်သူနှင့် သားဖြစ်သူတို့မှာလည်း နေလည်ပိုင်းတွင် နေအိမ်မှ ထွက်သွားခဲ့သဖြင့် အိမ်ထဲတွင် ဒေါ်ခင်မာမြင့်နှင့် ၎င်းပြုစုရသည့် အဖွားတို့ နှစ်ဦးတည်းသာ ကျန်ရှိခဲ့သည်ဟု တိုင်တန်းချက်တွင် ပါရှိကြောင်း သိရသည်။

ယင်းသို့ ထွက်သွားခဲ့ပြီးနောက် ည ၇ နာရီခန့်တွင် ဦးသီဟတင်စိုးမှာ နေအိမ်သို့ ပြန်လည် ရောက်ရှိလာခဲ့ကြောင်း၊ ထို့နောက် ဒေါ်ခင်မာမြင့်မှာ ၎င်းပြုစုရသည့် အဖွားကို လိုအပ်သည်များ ပြုလုပ်ပေးပြီး အခန်းအတွင်းရှိ ကုတင်ပေါ်တွင် ထိုင်နေစဉ် ဦးသီဟတင်စိုးမှာ ပုဆိုးဝတ်ဆင်လျက် အကျီၤမပါရှိဘဲ အခန်းအတွင်းသို့ ရောက်ရှိလာကာ ဒေါ်ခင်မာမြင့်ကို တွန်းလှဲပြီး သားမယားအဖြစ် ပြုကျင်ခဲ့ကြောင်း တရားလို၏ တိုင်တန်းချက်တွင် ပါရှိသည်။

အဆိုပါ ဦးသီဟတင်စိုး နေထိုင်သည့် သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်ထောင်စုရိပ်သာအိမ်ရာရှိ နေအိမ်သို့ The Daily Eleven မှ သွားရောက်ရာတွင် နေအိမ်အတွင်း၌ သက်ဆိုင်ရာ ရဲစခန်းမှ ရဲအရာရှိအချို့နှင့် ရပ်ကွက်အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူအချို့ကို တွေ့ရပြီး နေအိမ်အတွင်းမှ ပြန်ထွက်လာသည့် ကြီးပွားရေးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးကိုက “ ရဲ တာဝန်ရ်ှိသူတွေက စစ်ဆေးဖို့ လာတော့ ကျွန်တော်က နေအိမ်ကို လိုက်ပို့ပေးတာပေါ့။ အိမ်ထဲမှာ ဦးသီဟတင်စိုးက မရှိဘူး။ သူ့ဖုန်းကလည်း စက်ပိတ်ထားတယ်၊ သူ့မိသားစုတွေကိုတော့ ဦးသီဟတင်စိုးနဲ့ အဆက်အသွယ်ရရင် ရဲစခန်းကို အမြန်ဆုံး ဆက်သွယ်ပြီး လာရောက်ဖြေရှင်းဖို့ မှာခဲ့ပါတယ်” ဟု ပြောကြားသည်။

အဆိုပါ အိမ်အကူအမျိုးသမီး၏ တိုင်တန်းမှုအား သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဍနယ်မြေရဲစခန်းက (ပ) ၃၈၆/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ကာ စစ်ဆေး ဆောင်ရွက်နေကြောင်း သိရသည်။

Most Read

Most Recent