<

မြိတ်မြို့တွင် ဒေသခံရေလုပ်သားများထံမှ ကုန်ကြမ်းဝယ်ယူပြီး သွင်းကုန်အစားထိုး ငါးသေတ္တာစက်ရုံ လည်ပတ်နေပြီဖြစ်ရာ ပြည်ပဈေးကွက်သို့ ပို့ဆောင်ရန် ဆောင်ရွက်မည်

ပြည်တွင်းဈေးကွက်အတွင်း ဖြန့်ချိနေပြီဖြစ်သည့် မြိတ်မြို့ရှိ ငါးသေတ္တာစက်ရုံလုပ်ငန်းခွင်ကို တွေ့ရစဉ်

မြိတ်မြို့တွင် ဒေသခံ ရေလုပ်သားများထံမှ ကုန်ကြမ်းဝယ်ယူပြီး သွင်းကုန်အစားထိုး ငါးသေတ္တာ စက်ရုံတစ်ခု လည်ပတ်နေပြီဖြစ်ရာ မကြာမီ ပြည်ပဈေးကွက်သို့ ပြန်လည်ပို့ဆောင်နိုင်ရန် စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

မြိတ်မြို့၊ ကျောက်ဖျာမြို့သစ် စီမံကိန်းဧရိယာတွင် လည်ပတ်နေပြီဖြစ်သည့် အဆိုပါ ငါးသေတ္တာစက်ရုံကြီးတွင် လက်ရှိ ကုန်ချောများ ထုတ်လုပ်နေပြီး ရန်ကုန်မြို့သို့ ပို့ဆောင်ကာ ပြည်တွင်းဈေးကွက်အတွင်း ဖြန့်ချိနေပြီဖြစ်ကြောင်း သိရသည်။

ဒေသခံများကို အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးထားနိုင်ပြီး ပင်လယ်အတွင်းမှ ရေလုပ်သားများထံမှလည်း ကုန်ကြမ်းပြန်လည် ၀ယ်ယူကာ လက်ရှိတွင် တစ်လလျှင် ကုန်ချိန် ကီလိုတစ်သိန်း တင်ပို့ပေးနေကြောင်း သိရသည်။

“Myanmar Marko Industry Co.,Ltd ကို ၁၉၉၇ ခုနှစ်ကနေ စတင်ပြီး ရန်ကုန်မှာလုပ်ခဲ့ပါတယ်။ Ready Brand နဲ့ အသားမျိုးစုံ ထုတ်ပါတယ်။ Customer တွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးပြီး ထုတ်ပေးရပါတယ်။ မြိတ်စက်ရုံက ထွက်တာတွေကို ရန်ကုန်ရုံးချုပ်ကို ပို့ပြီးတော့ရန်ကုန်ကနေ မြန်မာတစ်နိုင်ငံလုံးကို ဖြန့်ဖြူးပေးပါတယ်။ ကျွန်တော်တို့အနေနဲ့ ရေရှည်မှာ Export လုပ်ဖို့အထိ ရည်မှန်းထားပါတယ်။ လာမယ့်နှစ်တွေမှာ ပြည်ပပို့နိုင်ဖို့ လုပ်နေပါတယ်။ ပျမ်းမျှကတော့ ကုန်ချိန်တစ်သိန်းလောက် လစဉ်တင်ပို့ပေးနေပါတယ်။ ဒီလို ရာသီဥတုဆိုးရွားတဲ့ အချိန်တွေမှာတော့ ပုံမှန်တွက်ထားလို့မရပါဘူး။ ငါးရရှိမှုအပေါ် မူတည်ပြီး စက်ရုံအသစ်ကြီးမှာ တစ်လကို ကွန်တိန်နာ သုံးလိုင်း KG သုံးသိန်းလောက်ကို ထပ်တိုးချဲ့ထုတ်လုပ်ဖို့ လျာထားပါတယ်” ဟု Myanmar Marko Industry Co.,Ltd မှ ဒုမန်နေဂျာ ဦးစိုးမိုးကျော်က ပြောကြားသည်။

ဒေသခံ ရေလုပ်သားထံမှ ပလာတူး၊ ပလာဝမ်း၊ ဘောင်းကျေး၊ ငါးချဉ်ပေါင် (ဒေသအခေါ်များ) များကို ၀ယ်ယူကာ ငါးသေတ္တာ ပြန်လည်ပြုလုပ်ကြောင်း သိရသည်။

“ကျွန်တော်တို့ စက်ရုံကနေ ရန်ကုန်စက်ရုံကို ပို့တဲ့အခါမှာ လမ်းခရီးမှာ နိုင်ငံခြားက သွင်းကုန်တွေနှင့် တချို့ရောထွေးတာရှိတယ်။ တချို့ဌာနဆိုင်ရာတွေ၊ တချို့မြို့တွေမှာ တနင်္သာရီတိုင်းဒေသကြီးအတွင်းက မြိတ်မြို့မှာ ဒီလိုငါးသေတ္တာစက်ရုံ ရှိနေတာမသိကြပါဘူး။ ဒါက
အဓိကကျတယ်။ ဒီလိုနယ်မှာ သွင်းကုန် အစားထိုးစက်ရုံကြီးတစ်ခု ရပ်တည်နေတယ်ဆိုတာ ကျယ်ကျယ်ပြန့်ပြန့် သိစေချင်ပါတယ်” ဟု ဦးစိုးမိုးကျော်က ပြောကြားသည်။

သွင်းကုန်အစားထိုး ကုန်စည်အဖြစ် လည်ပတ်နေသော်လည်း ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် ငါးသေတ္တာများနှင့် မှားယွင်းကာ တားဆီးခံရမှုများရှိနေကြောင်း သိရသည်။

အဆိုပါ ငါးသေတ္တာစက်ရုံမှာ တနင်္သာရီတိုင်းဒေသကြီးအတွင်း တစ်ခုတည်းသာရှိပြီး ပြည်ပဈေးကွက်သို့ ပြန်လည်ထိုးဖောက်ကာ တင်ပို့ရန် စီစဉ်နေပြီး လာမည့်ဒီဇင်ဘာတွင် စက်ရုံဖွင့်လှစ်မှု ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

July 15, 2018














Copy Protected by Chetan's WP-Copyprotect.