<

Miss Grand International ပြိုင်ပွဲအား အိမ်ရှင်အဖြစ် ကျင်းပရန် ကျပ်သိန်းပေါင်း ၁၀၀၀၀ ကျော်နှင့် လိုအပ်သည်များပံ့ပိုးရန် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ထံ တင်ပြသည့်စာ အွန်လိုင်းတွင်ပျံ့နှံ့ပြီး ဝေဖန်မှုအချို့ရှိနေ

Miss Grand International ပြိုင်ပွဲနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့စဉ်

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် Miss Grand International ပြိုင်ပွဲအတွက် ကုန်ကျစရိတ်အချို့နှင့် လိုအပ်သည်များပံ့ပိုးရန် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းထံ တင်ပြထားသည့်စာမှာ အွန်လိုင်းတွင်ပျံ့နှံ့ကာ ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ တင်ပြထားသည့်စာမှာ ဇူလိုင် ၈ ရက် ရက်စွဲဖြင့် တင်ပြထားသည့်စာဖြစ်ပြီး ယင်းစာတွင် Miss Grand International ပြိုင်ပွဲအား အိမ်ရှင်အဖြစ် လက်ခံကျင်းပရာတွင် ငွေကြေးကူညီပံ့ပိုးပေးမည့် ကုမ္ပဏီ ရရှိရန် အခက်အခဲ ဖြစ်ပေါ်နေသောကြောင့် ပြိုင်ပွဲဝင်နှင့် အုပ်ချုပ်မှုအဖွဲ့များ နေထိုင်ရန် ဟိုတယ်၊ ပြိုင်ပွဲဝင်များနှင့် အုပ်ချုပ်မှုအဖွဲ့များ သွားလာရန် ဘတ်စ်ကားများနှင့် လုံခြုံရေးဝန်ထမ်းများ၊ ပြိုင်ပွဲဝင်များ၊ အုပ်ချုပ်မှုအဖွဲ့များနှင့် ဧည့်သည်တော်များအတွက် အစားအသောက်များ၊ ပြိုင်ပွဲကျင်းပရန် အထွေထွေ ကုန်ကျစရိတ်များ၊ သက်ဆိုင်ရာ Professional အဖွဲ့ငှားရမ်းမှုအတွက် ကုန်ကျစရိတ်နှင့် Host Fee တို့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လမ်းညွှန်ကူညီပံ့ပိုးပေးရန် တင်ပြထားခြင်းဖြစ်သည်။

ယင်းသို့တောင်းခံထားသည့်စာ ပျံ့နှံ့လာချိန်တွင် ရေးသားဖော်ပြထားသည့် ခန့်မှန်းကုန်ကျငွေများနှင့် ပတ်သက်၍ National Director အဖြစ်ဆောင်ရွက်မည့် Miss Grand Myanmar Organization အား ဝေဖန်မှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။ Miss Grand Myanmar Organization အနေဖြင့် Miss Grand International 2018 ပြိုင်ပွဲအား အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်အကြောင်း မီဒီယာများအား မိတ်ဆက် အသိပေးခြင်းကိုလည်း မေလအတွင်းက ပြုလုပ်ခဲ့ပြီး Miss Grand International 2017 Winner ဆုရှင်နှင့် အလှမယ်များ၊ Miss Grand International ပြိုင်ပွဲမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ယင်းပြိုင်ပွဲအား အောက်တိုဘာလအတွင်း ကျင်းပရန် စီစဉ်ထားခြင်းဖြစ်ကာ ယခုအခါ ပြိုင်ပွဲကျင်းပရန်အတွက် ကုန်ကျစရိတ်နှင့် လိုအပ်သည်များ ပံ့ပိုးရန် တင်ပြသည့်စာမှာ အွန်လိုင်းတွင် ပျံ့နှံ့လာခြင်းဖြစ်သည်။

အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ Miss Grand Myanmar Organization မှ National Director ဒေါ်စိုးယုဝေအား အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိဘဲ ခင်ပွန်းဖြစ်သူ၏ ကျန်းမာရေးအတွက် ပြည်ပသို့ ခရီးထွက်ခွာသွားကြောင်းကိုသာ ၀န်ထမ်းတစ်ဦးက ပြန်လည် ဖြေကြားခဲ့သည်။

“သူတို့က တိုက်ရိုက်ဝန်ကြီးချုပ်နဲ့တွေ့ပြီး ၀န်ကြီးချုပ်နဲ့ ပြောကြတာပဲ။ ကျွန်မက အဲဒီအစည်းအဝေးလည်း မတက်ဘူး။ ကျွန်မနဲ့လည်း သက်ဆိုင်မှုတော့ မရှိဘူး။ အဲဒီအစည်းအဝေးက ၀န်ကြီးချုပ်နဲ့ သူတို့တွေပဲ တွေ့ကြတာ။ ကျန်တဲ့သူတွေလည်း မတက်ဖြစ်ဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္စာမျိုးက ပြောကြားသည်။

Miss Grand International ပြိုင်ပွဲကျင်းပရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ ကုန်ကျစရိတ်နှင့် ပံ့ပိုးကူညီမှုများအား တောင်းခံရာတွင် ပြည်ပမှ ပညာရှင်များအား ငှားရမ်းခ၊ Host Fee များ အပါအ၀င် စုစုပေါင်း အမေရိကန်ဒေါ်လာ ၇၇၇၈၀၀ မြန်မာကျပ်ငွေ အနေဖြင့် ကျပ်သိန်းပေါင်း ၁၀၀၀၀ ကျော်ခန့်အား တောင်းခံထားခြင်း ဖြစ်သည်။ Miss Grand International ပြိုင်ပွဲအား ယခင်နှစ်က ဗီယက်နမ်နိုင်ငံတွင် ကျင်းပခဲ့ပြီး ယခုနှစ်တွင် အိမ်ရှင်အဖြစ် မြန်မာနိုင်ငံတွင် ကျင်းပရန် စီစဉ်ထားခြင်း ဖြစ်သည်။

 

July 14, 2018














Copy Protected by Chetan's WP-Copyprotect.