ပြင်ဦးလွင်မြို့ရှိ အစိုးရပိုင် နန်းမြိုင်ဟိုတယ်အား လစဉ်ငှားရမ်းခ မပေးဆောင်ခြင်းကြောင့် ဟုဆိုကာ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက အရေးယူပိတ်သိမ်း

ပြင်ဦးလွင်မြို့ရှိ အစိုးရပိုင် နန်းမြိုင်ဟိုတယ်အား လစဉ်ငှားရမ်းခ မပေးဆောင်ခြင်းကြောင့် ဟုဆိုကာ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက အရေးယူပိတ်သိမ်း
Published 15 July 2018

နန်းမြိုင်ဟိုတယ်ကို တွေ့ရစဉ်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ အစိုးရပိုင် နန်းမြိုင်ဟိုတယ်အား လစဉ်ငှားရမ်းခကြေးများ မပေးဆောင်ခြင်းကြောင့် ဟုဆိုကာ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ဇူလိုင် ၁၄ ရက်က စတင်၍ ပိတ်သိမ်းအရေးယူခဲ့ပြီး ဟိုတယ်နှင့်ပတ်သက်၍ စီမံခန့်ခွဲမှု လုပ်ငန်းများမှာ ဝန်ကြီးဌာနက ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။

ပြင်ဦးလွင်မြို့ရှိ နန်းမြိုင်ဟိုတယ် ငှားရမ်းထားမှုနှင့် ပတ်သက်၍ ဟိုတယ်ငှားရမ်း လုပ်ကိုင်နေသည့် The National Trading ကုမ္ပဏီမှာ လစဉ်ငှားရမ်းခများ မပေးဆောင်ခဲ့သဖြင့် ဇူလိုင် ၁၄ ရက်မှ စတင်၍ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ပိတ်သိမ်းအရေးယူ ခဲ့ခြင်းဖြစ်ပြီး ကုမ္ပဏီဘက်မှ အမှန်တရားအတိုင်း ဆက်လက်ရင်ဆိုင်မည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ကုမ္ပဏီဘက်က ရှင်းလင်းမှုကို ဇူလိုင် ၁၄ ရက် နံနက်ပိုင်းက နန်းမြိုင်ဟိုတယ်အား ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနသို့ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ရာတွင် ဟိုတယ်ငှားရမ်း လုပ်ကိုင်ခဲ့သူ ဦးဌေးအောင်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ ဟိုတယ်ကို ၂၀၁၃ ခုနှစ်မှာ ဟိုတယ်ကို လွှဲပြောင်းရယူခဲ့ပါတယ်။ ခြောက်လတိတိ ပြင်ဆင်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဟိုတယ်ကို တိုးချဲ့လုပ်ကိုင်ဖို့အတွက် ဒီဇိုင်းရေးဆွဲပြီးတော့ တင်ပြခဲ့ပါတယ်။ ကျွန်တော်တို့ တင်ပြတဲ့ အဆောက်အအုံဒီဇိုင်းပုံစံဟာ ခေတ်ပုံစံဒီဇိုင်း ဖြစ်နေတဲ့အတွက် ပိတ်ပင်ခံရပါတယ်။ ကျွန်တော်တို့ အနေနဲ့ ရှေးဟောင်းဒီဇိုင်းနဲ့ ပြန်ပြင်ပြီးတင်ပါတယ်။ ၂၀၁၅ ခုနှစ် နှစ်နှစ်တာကာလမှာ လစဉ်ငှားရမ်းခတွေက တစ်လကို သိန်း ၅၀၀ လစဉ်သွင်းနေရတာပါ။ Deposit ပေးထားတာကလည်း တစ်နှစ်စာဆိုတော့ သိန်းပေါင်း ၁၈၀၀၀ က လုံးဝမျှော်လင့်စရာ မရှိတော့တဲ့ ပေးချေမှုတွေ ပြီးသွားပါပြီ။ အဲဒီအခါမှာ ကျွန်တော်တို့က ငှားရမ်းခတွေကိုစပြီး ရပ်ဆိုင်းပစ်လိုက်ပါတယ်။ ကျွန်တော်တို့ တိုးချဲ့လို့မရရင် လက်ရှိ ဟိုတယ်မှာရှိနေတဲ့ အခန်းပေါင်း ၃၂ ခန်းနဲ့က ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ လစဉ်ပေးနေရတဲ့ ငွေပမာဏနဲ့ကလည်း အဆင်မပြေပါဘူး။ ကျွန်တော်တို့ လုပ်ဆောင်မယ့် တိုးချဲ့ဆောင်ရွက်မယ့် အစီအစဉ်တွေကိုလည်း စနစ်တကျနဲ့ တားမြစ်ခံနေရတယ်။ အဲဒီတော့ ကျွန်တော်တို့ကို ၃၂ ခန်းနဲ့ ညီမျှတဲ့ တန်ဖိုးကိုပဲ သတ်မှတ်ပေးပါလို့ တင်ပြခဲ့ပါတယ်။ အဲဒီတော့ ကျွန်တော့်ကို ဟိုတယ်ပိတ်သိမ်းဖို့ပဲ ပြောလိုက်ပါတယ်။ စာချုပ်မှာပါတဲ့ အချက်တစ်ချက်ကို သူတို့က ကောက်ယူပါတယ်။ ငှားရမ်းခ တစ်လမပေးတာနဲ့ပင်လျှင် စာချုပ်ပါ သဘောတူညီချက် ပျက်ပြယ်တယ်လို့ အပိုဒ်တစ်ပိုဒ် ပါလာပါတယ်။ ဒါကိုလည်း ကျွန်တော်သဘောတူလို့ လက်မှတ်ထိုးခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်က နှစ်နှစ်စာပေးသွင်းပြီး Deposit ကိုလည်း တစ်နှစ်စာ ပေးထားတဲ့ လူတစ်ယောက် ဖြစ်တဲ့အတွက် စာနဲ့လည်း အကြိမ်ကြိမ် တောင်းဆိုထားပြီး ခွင့်ပြုချက်မပေးလို့ ကျွန်တော့်ဘက်က မပေးဘူးလို့ ကျွန်တော့်ဘက်က ရွေးစရာလမ်း မရှိတဲ့အတွက် မပေးခဲ့တာ ဖြစ်ပါတယ်။ စာချုပ်ပါ စည်းကမ်းချက်တွေကို ဖောက်ဖျက်တယ်ဆိုရင် စာချုပ်ပါ စည်းကမ်းချက်တွေအတိုင်း အရေးယူပါ။ အရေးယူပြီး စာချုပ်ကို ဖျက်သိမ်းလို့ရပါတယ်။ စာချုပ်မှာ သဘောတူထားတဲ့အတိုင်း တရားရုံးရဲ့ အဆုံးအဖြတ်ကိုယူရမှာ ဖြစ်ပါတယ်။ သူတို့က တရားရုံးကို မသွားဘဲနဲ့ အစိုးရအိမ်ဥပစာ အက်ဥပဒေနဲ့ ကျွန်တော်တို့ကို တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ ဆောက်လုပ်ရေးက ကျွန်တော်တို့ကို ဝရမ်းကပ်တယ်။ ကျွန်တော်တို့ ကန့်ကွက်ပြီး သွားရောက်ဖြေရှင်းတယ်။ ကြားနာမှုမှာ ရှုံးပါတယ်။ နောက်ဆုံးအဆင့် စာချွန်တော်မှာလည်း ပလပ်ခံရပါတယ်။ အခုလက်ရှိမှာလည်း ဟိုတယ်ခရီးက တရားမမှုနဲ့ စွဲဆိုထားတာကို နေပြည်တော်မှာ အမှုရင်ဆိုင်နေရပါတယ်။ အမှန်တရားပေါ်ပေါက်ဖို့ ဆက်ပြီး ရင်ဆိုင်သွားမှာပါ” ဟု နန်းမြိုင်ဟိုတယ်ကို ငှားရမ်းလုပ်ကိုင်ခဲ့သည့် The National Trading ကုမ္ပဏီ အမှုဆောင်ဒါရိုက်တာ ဦးဌေးအောင်က ပြောကြားသည်။

နန်းမြိုင်ဟိုတယ်အား ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ပိတ်သိမ်းခဲ့ပြီးနောက် ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းများမှာ ဝန်ကြီးဌာနကသာ စီမံဆောင်ရွက်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန (မန္တလေးရုံးခွဲ)မှ ညွှန်ကြားရေးမှူး ဦးခင်မောင်ရွှေက ပြောကြားသည်။

“ကျွန်တော်တို့အနေနဲ့ ဒီနေ့လွှဲပြောင်းပြီးတာနဲ့ ဝန်ကြီးဌာနကို တင်ပြသွားမှာ ဖြစ်ပါတယ်။ နန်းမြိုင်ဟိုတယ်နဲ့ ပတ်သက်ပြီး ဝန်ကြီးဌာနကပဲ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန (မန္တလေးရုံးခွဲ) မှ ညွှန်ကြားရေးမှူး ဦးခင်မောင်ရွှေကဆိုသည်။

ပြင်ဦးလွင်မြို့ရှိ နန်းမြိုင်ဟိုတယ်အား The National Trading ကုမ္ပဏီက ယခင်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်တွင် တစ်နှစ်လျှင် ကျပ်သန်း ၆၀၀ ဖြင့် တင်ဒါစနစ်ဖြင့် ၁၅ နှစ်သက်တမ်း စာချုပ်ချုပ်ဆို လုပ်ကိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုသို့ စာချုပ်ချုပ်ဆို လုပ်ကိုင်ခဲ့ရာတွင် စာချုပ်ပါ စည်းကမ်းချက်များ၌ ငှားရမ်းခကို တစ်လပေးသွင်းရန် ပျက်ကွက်ခဲ့ပါက ငှားရမ်းထားသည့်စာချုပ်ကို ရပ်စဲပိုင်ခွင့်ရှိသည်ဟု ဖော်ပြထားကြောင်း၊ နန်းမြိုင်ဟိုတယ် ငှားရမ်းထားသူမှာ ငှားရမ်းခပေးသွင်းရန် ၂၀၁၅ ခုနှစ် ဧပြီမှ စတင်၍ ပေးသွင်းရန် ပျက်ကွက်ခဲ့ကြောင်း၊ ဝန်ကြီးဌာနက အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း ငှားရမ်းခများ ပေးသွင်းခြင်း မရှိဘဲ ၂၀၁၇ ခုနှစ် ဇွန်လအထိ ကြွေးကျန် ကျပ်သန်းပေါင်း ၁၃၀၀ ရှိခဲ့ကြောင်း၊ ထိုသို့ ကျန်ရှိနေသည့် ကြွေးကျန်များကို သုံးပုံတစ်ပုံခန့် လျှော့ချပေးရေးအတွက် ဆောင်ရွက်ပေးမည့် အစီအစဉ်ကို ခါးသီးစွာ ငြင်းဆိုခဲ့ကြောင်း၊ ယင်းကြောင့် နိုင်ငံတော်မှ နစ်နာနေသဖြင့် လိုအပ်သည့် အရေးယူမှုများ ဆောင်ရွက်နိုင်ရန် နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ပြည်ထောင်စု အစိုးရအဖွဲ့များထံသို့ တင်ပြလမ်းညွှန်မှု ခံယူခဲ့ပြီး ဟိုတယ်ငှားရမ်းခြင်းကို ၂၀၁၇ ခုနှစ် ဇွန်လ၌ ရပ်စဲခဲ့ကာ စာချုပ်ပါ သတ်မှတ်ရက်အတွင်း ဟိုတယ်ကို နိုင်ငံတော်သို့ ပြန်လည်ပေးအပ်ခြင်း၊ ငှားရမ်းခကြွေးကျန်များ ပေးသွင်းခြင်း မရှိသဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ သဘောတူညီချက်ဖြင့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီတွင် တရားမကြီးအမှုဖြင့် အရေးယူ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ နန်းမြိုင်ဟိုတယ်ကို ငှားရမ်းလုပ်ကိုင်ခဲ့သည့် ဦးဌေးအောင် အနေဖြင့် လက်ရှိပေါ်ပေါက်နေသော အမှုအခင်းကို တရားဥပဒေဘောင်နှင့်အညီ ဆက်လက် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း အစရှိသဖြင့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ပြီးခဲ့သည့် ဇွန် ၁၈ ရက်က သတင်းထုတ်ပြန်ချက် ထုတ်ပြန်ထားသည်။

 

Most Read

Most Recent