မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာရှစ်ဘီလျံကျော်ရှိပြီး ကုန်သွယ်မှုလိုငွေ ဒေါ်လာတစ်ဘီလျံကျော်ဖြစ်ပေါ်

မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာရှစ်ဘီလျံကျော်ရှိပြီး ကုန်သွယ်မှုလိုငွေ ဒေါ်လာတစ်ဘီလျံကျော်ဖြစ်ပေါ်
Published 15 July 2018

မြန်မာနိုင်ငံ၏ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာရှစ်ဘီလျံကျော်ရှိပြီး ကုန်သွယ်မှုလိုငွေ ဒေါ်လာတစ်ဘီလျံကျော်ဖြစ်ပေါ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကုန်သွယ်မှု ဆိုင်ရာစာရင်းများအရ သိရသည်။

၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှ ဇွန် ၂၉ ရက် အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၈၈၆၈ ဒသမ ၈၂၄ သန်းရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၃၂၆ ဒသမ ၁၀၃ သန်း ပိုမိုခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဇွန် ၂၉ ရက်အထိ ပြည်ပ ကုန်သွယ်မှုပမာဏ ဒေါ်လာ ရှစ်ဘီလျံကျော်တွင် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၆၈၄၂ ဒသမ ၃၂၆ သန်းနှင့် နယ်စပ်ကုန်သွယ်မှု ပမာဏဒေါ်လာ ၂၀၂၆ ဒသ မ ၄၉၈ သန်းပါဝင်ကြောင်း သိရသည်။ ပင်လယ်ရေကြောင်းကုန်သွယ်မှု ပမာဏမှာ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၀၈၁ ဒ သမ ၆၆၇ သန်းပိုမိုခဲ့ပြီး နယ်စပ်ကုန်သွယ်မှု ပမာဏမှာမူ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၂၄၄ ဒသမ ၄၃၆ သန်းပိုမိုခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ကုန်သွယ်မှုပမာဏ ဒေါ်လာရှစ်ဘီလျံ ကျော်တွင် ပို့ကုန်တန်ဖိုး ဒေါ်လာ ၃၈၇၃ ဒသမ ၄၇၆သန်း၊ သွင်းကုန်တန်ဖိုး ဒေါ်လာ ၄၉၉၅ ဒသမ ၃၄၈ သန်းပါဝင်ကြောင်း သိရသည်။ သွင်းကုန်တန်ဖိုးမှာ ပို့ ကုန်တန်ဖိုးထက် များပြားနေသဖြင့် ကုန်သွယ်မှုလိုငွေဒေါ်လာ ၁၁၂၁ ဒသမ ၈၇၂သန်းဖြစ်ပေါ်နေကြောင်း သိရသည်။ ယခင်နှစ်ကာလတူတွင်မူ ကုန်သွယ်မှုလိုငွေမှာ ဒေါ်လာ ၁၄၇၃ ဒသမ ၂၁၁ သန်းဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ကုန်သွယ်မှုဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက်ပစ္စည်းများ၊ သတ္တုတွင်းထွက်များ၊ သစ်တောထွက်ကုန်များ၊ စက်မှုကုန်ချောများ တင်ပို့ခဲ့ပြီး လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းများ၊ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကို လာမည့် အောက်တိုဘာလတွင်မှစတင်မည်ဖြစ်ရာ လက်ရှိကြားကာလ ခြောက်လအတွင်း မြန်မာ နိုင်ငံ၏ ကုန်သွယ်မှုပမာဏကို ဒေါ်လာ ၁၃ ဘီလျံခွဲရရှိရန် မျှော်မှန်းထားသည်။

ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်သည့် ကုန်သွယ်မှုစာရင်းများအရ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၉၁ ဒသမ ၉ သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၂၅၅၅ ဒသမ ၅ သန်းရှိခဲ့ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု လိုငွေမှာ ဒေါ်လာ ၄၉၁၂ ဒသမ ၅၅၉ သန်းရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent