၂၀၁၈ ခုနှစ် ဇွန်လကုန်အထိ မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွား ၁ ဒသမ ၇ သန်းကျော် လာရောက်ပြီး ယခင်နှစ်ကာလတူထက် ခရီးသွားဝင်ရောက်မှု နှစ်ရာခိုင်နှုန်း ကျဆင်း

၂၀၁၈ ခုနှစ် ဇွန်လကုန်အထိ မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွား ၁ ဒသမ ၇ သန်းကျော် လာရောက်ပြီး ယခင်နှစ်ကာလတူထက် ခရီးသွားဝင်ရောက်မှု နှစ်ရာခိုင်နှုန်း ကျဆင်း
Published 15 July 2018

ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီတော်သို့ လာရောက်သည့် နိုင်ငံခြားသား ခရီးသွားများကို တွေ့ရစဉ် (ဓာတ်ပုံ-ဘိုဘိုမြင့်)

၂၀၁၈ ခုနှစ် ဇွန်လကုန်အထိ မြန်မာ နိုင်ငံသို့ နိုင်ငံခြားသား ခရီးသွား ၁ ဒသမ ၇ သန်းကျော်လာရောက်လည်ပတ်ခဲ့ပြီး ယခင်နှစ် ကာလတူထက် ခရီးသွားဝင်ရောက်မှု  နှစ်ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၈ ခုနှစ် ဇွန်လအထိ မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသွား ဝင်ရောက်မှုများတွင် လေကြောင်းဖြင့် လာရောက်သူများမှာ ၆၅၁၉၈၆ ဦး၊ အပျော်စီးသင်္ဘောဖြင့် လာရောက်သူများမှာ ၆၈၈၀ ဦး၊ နယ်စပ်ဝင်ပေါက်မှ အတွင်းပိုင်းအထိ လာရောက်သူများမှာ ၂၃၂၃၄ ဦး၊ စုစုပေါင်းဗီဇာဖြင့် လာရောက်သူပေါင်း ၆၈၂၁၀၀ ဦးရှိခဲ့သည်။ ၂၀၁၇ ခုနှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက လေကြောင်းဖြင့် လာရောက်သူများတွင် တစ်ရာခိုင်နှုန်း၊ အ ပျော်စီးသင်္ဘောဖြင့် လာရောက်သူများတွင် ၇၅ ရာခိုင်နှုန်း၊ နယ်စပ်ဝင်ပေါက်မှအတွင်းပိုင်းအထိ လာရောက်သူများတွင် ၁၄ ရာခိုင်နှုန်း ပိုမိုများပြားခဲ့သည်။

၂၀၁၇ ခုနှစ် ဇွန်လအထိနှင့် ၂၀၁၈ ခုနှစ် ဇွန်လအထိ ဗီဇာဖြင့် လာရောက်သူဦးရေကိုနှိုင်းယှဉ်ပါက ၁၃၄၃၉ ဦး (နှစ်ရာခိုင် နှုန်း) ပိုမိုဝင်ရောက်ခဲ့သည်။ ၂၀၁၈ ခုနှစ် ဇွန်လကုန်ထိ နယ်စပ်တွင်ဝင်ရောက်သူများမှာ ၁၀၃၉၉၄၉ ဦးရှိခဲ့ပြီး ၂၀၁၇ ခုနှစ်ကာလ တူတွင် ၁၀၉၀၆၄၉ ဦးဝင်ရောက်ခဲ့ခြင်းကြောင့် ၅၀၇၀၀ ဦး (ငါးရာခိုင်နှုန်း) လျော့နည်းခဲ့သည်။ ထို့ကြောင့် ၂၀၁၈ ခုနှစ် ဇွန်လအထိ စုစုပေါင်း နိုင်ငံခြားသား ခရီးသွား ဝင်ရောက်မှုမှာ ၁၇၂၂၀၄၉ ဦးရှိခဲ့ပြီး ၂၀၁၇ ခုနှစ်ကာလတူတွင် ၁၇၅၉၃၀၀ ဦး ဝင်ရောက်ခဲ့သည့်အတွက် ၃၇၂၆၁ ဦး (နှစ်ရာခိုင်နှုန်း) လျော့နည်းခဲ့ကြောင်း သိရသည်။

ယခုနှစ်များအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေများကြောင့် ဥရောပနှင့် မြောက်အမေရိကနိုင်ငံများမှ ခရီးသွားများ လျော့ကျလာသော်လည်း တရုတ်၊ ထိုင်းနှင့် အာရှနိုင်ငံအချို့မှ ခရီးသွားများ တိုးတက်ခဲ့သည်။ ၂၀၁၈ ခုနှစ် ဇွန်လအထိကောက်ယူထားသော ခရီးသွားဝင်ရောက်မှုစာရင်းများအရ မြောက်အမေရိကမှ ၄၀၂၃၃ ဦး၊ အခြား အမေရိကမှ ၅၈၃၆ ဦး၊ အနောက်ဥရောပမှ ၉၃၁၃၈ ဦး၊ အရှေ့ဥရောပမှ ၉၄၃၂ ဦး၊ အာဖရိကမှ ၂၀၅၈ ဦး၊ အရှေ့အလယ်ပိုင်း မှ ၂၆၁၀ ဦး၊ အာရှမှ ၅၁၃၀၇၂ ဦး၊ သမုဒ္ဒရာနိုင်ငံများမှ ၁၅၇၂၁ ဦး ဝင်ရောက်ခဲ့သည်။

၂၀၁၇ ခုနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက မြောက်အမေရိကမှ ၆၉၂၅ ဦး၊ အခြားအမေရိကမှ ၁၁၉၈ ဦး၊ အနောက်ဥရောပမှ ၃၂၅၆၂ ဦး၊ အရှေ့ဥရောပမှ ၁၀၁၅ ဦး၊ အာဖရိကမှ ၃၄၀ ဦး၊ အရှေ့အလယ်ပိုင်းမှ ၇၈၇ ဦး၊ သမုဒ္ဒရာနိုင်ငံများမှ ၃၁၇၂ ဦး ခရီးသွား ဝင်ရောက်မှု လျော့နည်းခဲ့သော်လည်း အာရှ နိုင်ငံများမှ ခရီးသွား ၅၉၄၃၈ ဦးဝင်ရောက်မှု တိုးတက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ဗီဇာဖြင့် လာရောက် လည်ပတ်သူနိုင်ငံခြားသားခရီးသွားများ စာရင်းတွင် (၂၀၁၈ ခုနှစ် ဇွန်လအထိ)ထိပ်ဆုံး၌ ရပ်တည်နေသောနိုင်ငံများမှာထိုင်း ၁၅၃၈၁၄ ဦး၊ တရုတ် ၁၃၃၆၉၇ ဦး၊ ဂျပန် ၄၈၇၄၅ ဦး၊ အမေရိက ၃၄၀၂၁ ဦး၊ ကိုရီးယား၃၂၃၄၃ ဦး၊ စင်ကာပူ ၂၇၉၇၈ ဦး၊ ဗီယက်နမ် ၂၇၃၂၈ ဦး၊ ပြင်သစ် ၂၃၆၃၉ ဦးတို့ဖြစ်ပြီး ယခင်နှစ်ကထက် ထိုင်းခရီးသွား ၁၈ ရာခိုင်နှုန်း၊ တရုတ် ခရီးသွား ၃၆ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။

မြန်မာနိုင်ငံတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၄ ခုရှိသည့်အနက် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့သည် နိုင်ငံခြားသားခရီးသွား ဝင်ရောက်မှု အများဆုံးဒေသများဖြစ်ပြီး ၂၀၁၈ ခုနှစ် ဇွန် လကုန်အထိ နိုင်ငံခြားသားခရီးသွား ၁ ဒသမ ၇ သန်းကျော်ဝင်ရောက်ခဲ့ကာ ယခင်နှစ်ကာလတူထက် နှစ်ရာခိုင်နှုန်းလျော့ကျလျက်ရှိသည်။ ၂၀၁၇ ခုနှစ်တွင် နိုင်ငံခြားသားခရီးသွား ၃ ဒသမ ၄၄ သန်း၊ ၂၀၁၆ ခုနှစ်တွင် ၂ ဒသမ ၉၁ သန်း၊ ၂၀၁၅ ခုနှစ်တွင်  ၄ ဒသမ ၆ သန်းဝင်ရောက်ခဲ့သည်။

 

Most Read

Most Recent