၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်ပြီး စီမံခန့်ခွဲမှုပြုလုပ်ရန်အတွက် ကျပ် ဘီလျံ ၂၀ အသုံးပြုမည်

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်ပြီး စီမံခန့်ခွဲမှုပြုလုပ်ရန်အတွက် ကျပ် ဘီလျံ ၂၀ အသုံးပြုမည်
Published 15 July 2018

ဒုတိယအကြိမ် ငလျင်ဖိုရမ် ကျင်းပနေမှုအားတွေ့ရစဉ်

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်ပြီး စီမံခန့်ခွဲမှုပြုလုပ်ရန်အတွက် ကျပ်ငွေ ဘီလျံ ၂၀အသုံးပြုမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ဇူလိုင် ၁၄ ရက်က အင်းစိန်မြို့နယ်ရှိ  YTU တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ငလျင်ဖိုရမ်တွင် ပြောကြားသည်။

“အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဆိုတာ မြန်မာ နိုင်ငံမှာ ဘေးအန္တရာယ်ဖြစ်မှုနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေမှာ စီမံခန့်ခွဲတဲ့ကော်မတီ ဖြစ်ပါတယ်။ မနေ့ကပြုလုပ်တဲ့ နိုင်ငံတော်သမ္မတရုံးရဲ့ ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးမှာ ဘေးအန္တရာယ်တွေနဲ့ပတ်သက်ပြီး စီမံခန့်ခွဲမှုတွေလုပ်ဖို့အတွက်ကို လာမယ့်ဘတ်ဂျက်ထဲမှာ မြန်မာကျပ်ငွေ ဘီလျံ ၂၀ ထည့်သွင်းထားတယ်ဆိုပြီး အသိပေးပြောကြားပြီးဖြစ်ပါတယ်။ ဒါဟာဆိုရင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေမှာပါတဲ့အတိုင်း နိုင်ငံတော်က ထည့်ဝင်တာဖြစ်ပါတယ်။ အများ ပြည်သူ ထည့်ဝင်တဲ့ငွေကော၊ အဖွဲ့အစည်းအသီးသီးက လှူဒါန်းတဲ့ငွေကော ဒါတွေ အားလုံးကို ရန်ပုံငွေတည်ထောင်ပြီးတော့မှ ဘေးအန္တရာယ်တွေနဲ့ပတ်သက်ပြီး ကြိုတင် ပြင်ဆင်မှုတွေ၊ အရေးပေါ်တုံ့ပြန်တာတွေ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ သုံးဖို့အတွက်ကို နိုင်ငံတော်ကနေပြီး ထည့်ဝင် ပေးထားတာဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဦးစိုးအောင်က ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ်မျိုးစုံဖြစ်ပွားနိုင်ကြောင်း၊ မြေငလျင် ဘေးအန္တရာယ်သည် ကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိသည့်အတွက် ကြိုတင်ပြင်ဆင်မှုများသည် အရေးကြီးကြောင်း၊ ငလျင်အန္တရာယ်၊ မီးဘေး၊ ရေဘေး၊ လေဘေးများကဲ့သို့ မကြာခဏဖြစ်ပွားလေ့မရှိသည့်အတွက် မေ့လျော့နေကြကြောင်း ၎င်းက ပြောကြားသည်။

“ငလျင်ကြောင့် အသက်ဆုံးရှုံးခဲ့တာတွေ၊ ပျက်စီးဆုံးရှုံးမှုတွေ ရှိပါတယ်။ ဒါတွေကို သင်ခန်းစာယူပြီး စမ်းစစ်ဖော်ထုတ်ရမှာ ဖြစ်ပါတယ်။ ငလျင်ဘေးရဲ့ ပျက်စီးနိုင်မှုက နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုက နောင်လာမယ့် အချိန်တွေမှာပါ ဖွံ့ဖြိုးတိုးတက်မှု ရပ်တန့်သွားနိုင်တယ်ဆိုတာ အားလုံးအသိဖြစ်ပါတယ်။ အဓိကအချက်အချာဖြစ်တဲ့ ရန်ကုန်နဲ့ မန္တလေးတို့က  ဒီလိုငလျင်ကြောတွေပေါ်မှာ တည်ရှိနေတယ်ဆိုတာ သိရှိရမှာဖြစ်ပါတယ်။ ငလျင်အန္တရာယ်ပဲဖြစ်ဖြစ်၊ ဘေးအန္တရာယ်ပဲဖြစ်ဖြစ် ကျွန်တော်တို့ပြည်သူတွေက ပူးပေါင်းဆောင်ရွက်နေတာရှိပါတယ်။ ငလျင်နဲ့ပတ်သက်ပြီး နည်းပညာပံ့ပိုးမှုအများကြီး လိုအပ်နေပါတယ်” ဟု ၎င်းက ဆိုသည်။

ယင်းအပြင် သဘာဝဘေးစီမံခန့်ခွဲမှုအား လုပ်ငန်းစဉ်သုံးရပ်ဖြင့် စီမံခန့်ခွဲဆောင်ရွက်နေကြောင်း၊ ပထမအချက်အနေဖြင့် သဘာဝဘေးအန္တရာယ် မကျရောက်မီ သဘာဝဘေးအန္တရာယ်လျော့ပါးရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းများ ဆောင်ရွက်ရကြောင်း၊ ဒုတိယအချက်အနေဖြင့် ကျရောက်လာသည့် သဘာဝဘေးများပေါ်တွင် အရေးပေါ် တုန့်ပြန်ရေးများ ဆောင်ရွက်ရကြောင်း၊ တတိယအချက်အနေဖြင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ဆောင်ရွက်ရကြောင်း၊ ယင်းတွင် ချက်ချင်းလက်ငင်း ဆောင်ရွက်ရသည့် လုပ်ငန်း၊ ကာလတို၊ ကာလရှည်ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရကြောင်း ၎င်းက ပြောကြားသည်။

Most Recent