ရန်ကုန်-စင်ကာပူ ခရီးစဉ်ပျံသန်းလာသော အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI) မှ လေယာဉ်တစ်စင်း လေယာဉ်တံခါး အချက်ပြမီးလင်းမှုကြောင့် ရန်ကုန်လေဆိပ်သို့ ပြန်လည်ဆင်းသက်ခဲ့

ရန်ကုန်-စင်ကာပူ ခရီးစဉ်ပျံသန်းလာသော အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI) မှ လေယာဉ်တစ်စင်း လေယာဉ်တံခါး အချက်ပြမီးလင်းမှုကြောင့် ရန်ကုန်လေဆိပ်သို့ ပြန်လည်ဆင်းသက်ခဲ့
Published 14 July 2018

ရန်ကုန်-စင်ကာပူ ခရီးစဉ်ပျံသန်းလာသော အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI) မှ လေယာဉ်တစ်စင်းသည် လေယာဉ်တံခါး၏ အချက်ပြ မီးလင်းမှုကြောင့် ရန်ကုန်လေဆိပ်သို့ ပြန်လည်ဆင်းသက်ခဲ့ရကြောင်း  သိရသည်။

ဇူလိုင် ၁၂ ရက် နံနက် ၈ နာရီ ၃၅ မိနစ်က အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) 8M-231  ဖြင့် ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်မှ  စင်ကာပူနိုင်ငံ ချန်ဂီ လေဆိပ်သို့ ပျံသန်းသည့် ဘိုးရင်းလေယာဉ် တစ်စင်းသည် ရန်ကုန်လေဆိပ်မှထွက်ခွာလာစဉ် မိနစ်အနည်းငယ်အကြာ ခရီးသည်များ ဆင်း-တက်ပြုလုပ်သည့် လေယာဉ်တံခါး၏ အချက်ပြမီး လင်းလာမှုကြောင့် ပြန်လည်စစ်ဆေးရန် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ဆင်းသက်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“လေယာဉ်က ခရီးစဉ်ထွက်ခွာသွားပြီး ခဏအကြာမှ ခရီးသည်တက်-ဆင်းလုပ်တဲ့ လေယာဉ်တံခါးက အချက်ပြမီးလင်းလာခဲ့လို့ ရန်ကုန်လေဆိပ်ကို ပြန်ဆင်းပြီး စစ်ဆေးတာပါ။ စစ်ဆေးပြီးတာနဲ့ ခရီးစဉ်ပြန်လည် ထွက်ခွာခဲ့တာပါ။ စုစုပေါင်းအချိန်မိနစ် ၄၀ ခန့်ပဲ ကြာပါတယ်” ဟု MAI လေကြောင်းလိုင်းမှ Head of Marketing & Communciations  မအေးမရသာက  ပြောကြားသည်။

အဆိုပါ မြန်မာလေကြောင်းလိုင်း (MAI) 8M-231 ခရီးစဉ်တွင် ခရီးသည် ၁၀၄ ဦး လိုက်ပါလာပြီး ယင်းဖြစ်ရပ်ကြောင့် ခရီးသည်များ ထိခိုက်မှု တစ်စုံတစ်ရာမရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent