အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံထားရသော FDA ညွှန်ချုပ်ဟောင်း ဒေါက်တာသန်းထွဋ်အမှုရုံးချိန်းတွင် FDA ရုံး အဆောက်အအုံနှင့် ဓာတ်ခွဲခန်းတင်ဒါအောင်ကုမ္ပဏီ၏ မိတ်ဖက်ကုမ္ပဏီအုပ်ချုပ်မှုဒါရိုက်တာအား ဆက်လက်စစ်ဆေး

အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံထားရသော FDA ညွှန်ချုပ်ဟောင်း ဒေါက်တာသန်းထွဋ်အမှုရုံးချိန်းတွင် FDA ရုံး အဆောက်အအုံနှင့် ဓာတ်ခွဲခန်းတင်ဒါအောင်ကုမ္ပဏီ၏ မိတ်ဖက်ကုမ္ပဏီအုပ်ချုပ်မှုဒါရိုက်တာအား ဆက်လက်စစ်ဆေး
Published 14 July 2018

အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံထားရသော FDA ညွှန်ချုပ်ဟောင်း ဒေါက်တာသန်းထွဋ်အား ဇူလိုင် ၁၃ ရက် ရုံးချိန်းတွင် တွေ့ရစဉ်

အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံထားရသော FDA ညွှန်ချုပ်ဟောင်း ဒေါက်တာသန်းထွဋ်အမှု၏ ဇူလိုင် ၁၃ ရက် ရုံးချိန်းတွင် FDA ရုံးအဆောက်အအုံနှင့် ဓာတ်ခွဲခန်းတင်ဒါအောင် ကုမ္ပဏီ၏ မိတ်ဖက်ကုမ္ပဏီဖြစ်aသာ ကိုင်ရိုကုမ္ပဏီအုပ်ချုပ်မှုဒါရိုက်တာ ဦးညီညီအား ဆက်လက်စစ်ဆေးခဲ့ကြောင်း တိုင်းတရားလွှတ်တော်မှ သတင်းရရှိသည်။

“ ကိုင်ရို ကုမ္ပဏီက အုပ်ချုပ်မှုဒါရိုက်တာ ဦးညီညီကိုပဲ ဆက်လက်စစ်ဆေးပါတယ်။ သူ ဆောင်ရွက်ပေးခဲ့တာတွေနဲ့ပတ်သက်ပြီး ထွက်ဆိုသလို တစ်ဖက်ကလည်းငြင်းဆိုတယ်။ သက်သေပြဖို့တာဝန်ပိုင်းမှာ ဘယ်သူ့ဘက်မှာ တာဝန်ရှိတယ်ဆိုတာ တရားရုံးကဆုံးဖြတ်လို့ ရအောင်မေးထားတယ်” ဟု ဒေါက်တာသန်းထွဋ်ဘက်မှ လိုက်ပါဆောင်ရွက်ပေးသည့် တရားလွှတ်တော်ရှေ့နေ ဦးချစ်ကိုကိုက အမှု နှင့် ပတ်သက်၍ ပြောကြားသည်။

အဆိုပါကိုင်ရိုကုမ္ပဏီသည် လုပ်ကိုင်ခွင့် တင်ဒါအောင်မြင်ခဲ့သည့် ရဲတိုက်မြို့တော် ဆောက်လုပ်ရေးကုမ္ပဏီ၏ မိတ်ဖက်ကုမ္ပဏီ ဖြစ်ကြောင်းသိရပြီး ရဲတိုက်မြို့တော်ဆောက်လုပ်ရေး ကုမ္ပဏီ တာဝန်ရှိသူကို ပြီးခဲ့သည့်ရုံး ချိန်းများက စစ်ဆေးခဲ့ပြီးဖြစ်သည်။

ဆက်လက်၍ မိတ်ဖက်ကုမ္ပဏီတာဝန်ရှိသူများကို တရားလိုသက်သေများအဖြစ် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်သည် ကျပ်သိန်း ၁၅၀၀ ကျော် အဂတိလိုက်စားကြောင်း ပေါ်ပေါက်သည်ဟု ဆိုကာ ဧပြီ ၂၀ ရက်က နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ် (၁) မြို့မရဲစခန်းတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ဖမ်းဆီးခဲ့ ခြင်းဖြစ်သည်။

ထိုသို့ အမှုဖွင့်ဖမ်းဆီးပြီးနောက် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်သို့ တရားစွဲတင်ပို့ခဲ့ပြီး မေ ၄ ရက်မှစ၍ တရားလိုဖြစ်သူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ စုံစမ်းရေးမှူး ဦးသန်းဇော်ဝင်းအား စတင်စစ်ဆေးရာ မေ၂၅ ရက်မှ အပြီးသတ်စစ်ဆေးနိုင်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဇွန် ၁ ရက် ရုံးချိန်းတွင် ကျင့် ထုံးဥပဒေပုဒ်မ ၁၆၄ အရ သက်သေကြိုတင်ထွက်ချက်ယူထားသော နေပြည်တော်၊ လယ်ဝေး၊ ပျဉ်းမနားမှ တရားသူကြီးနှစ်ဦးကို အပြီးသတ် စစ်ဆေးခဲ့ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်ရှိ စီမံကိန်းများနှင့်ပတ်သက်၍  အဆောက်အအုံများ အရည်အသွေး ပြည့်မီမှု မရှိခြင်း၊ ဌာနအကြီးအကဲအချို့၏ပြည်သူ့ဘဏ္ဍာများအပေါ် ကိုယ်ကျိုးသုံးစွဲခြင်းများကို ဖော်ထုတ်စစ်ဆေးပေးရန် တိုင်ကြားမှုအရ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က  စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးခဲ့ရာ ကျန်း မာရေးနှင့်အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ် သည် ၎င်း၏ လုပ်ပိုင်ခွင့်အခွင့်အာဏာကို အလွဲသုံးစားပြီး ၂၀၁၇ ခုနှစ်အတွင်း ၎င်းပိုင်ဆိုင်သည့် နေအိမ်အတွင်း အသုံးအဆောင်ပစ္စည်းများကိုလည်းကောင်း၊ ၎င်းပိုင်ဆိုင်သည့် အခြားမြေကွက်ပေါ်တွင် ခြံစည်းရိုးကာရံခြင်း၊ တစ်ထပ်တိုက်နေအိမ်တစ်လုံး၊ ကားဂိုဒေါင်ပါ နှစ်ထပ်နေအိမ်တစ်လုံး၊ ဂိတ်တဲတစ်လုံး၊ ရေကူးကန်တစ်ခုနှင့် ရေပန်းတစ်ခု စုစုပေါင်းတန်ဖိုး ကျပ် ၁၅၁၄၃၉၇၈၆ အား အဆောက်အအုံ ဆောက်လုပ်ရန် တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှ တောင်းခံရယူခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်သည်ဟုဆိုကာ ဒေါက်တာသန်းထွဋ်အား အမှုဖွင့်ဖမ်းဆီး တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံရခြင်းနှင့်ပတ်သက်၍ “အမှုမှန်ပေါ်ပေါက်စေရေးအတွက် အန်ကယ်တို့ဘက်က ကြိုးစားပြီးတော့ ဆောင်ရွက်နေပါတယ်။ သူ့ အချိန်နဲ့သူပေါ်လာမှာပါ”ဟု ဒေါက်တာသန်းထွဋ်က မီဒီယာများကို ဖြေကြားကြောင်း သိရသည်။

Most Read

Most Recent