လှိုင်သာယာမြို့နယ်အတွင်း ရန်ကုန်-ညောင်တုန်း-ပုသိမ် လမ်းတစ်လျှောက် ကျူးကျော်စုပုံထားသည့် ပစ္စည်းများနှင့် ဈေးဆိုင်များကို ရှင်းလင်း

လှိုင်သာယာမြို့နယ်အတွင်း ရန်ကုန်-ညောင်တုန်း-ပုသိမ် လမ်းတစ်လျှောက် ကျူးကျော်စုပုံထားသည့် ပစ္စည်းများနှင့် ဈေးဆိုင်များကို ရှင်းလင်း
Published 14 July 2018

ရန်ကုန်- ညောင်တုန်း-ပုသိမ် ကားလမ်းတစ်လျှောက် ရှင်းလင်းနေမှုများကို တွေ့ရစဉ် (ဓာတ်ပုံ- Maung Maung Soe Facebook)

လှိုင်သာယာမြို့နယ်အတွင်း ရန်ကုန်- ညောင်တုန်း-ပုသိမ် ကားလမ်းတစ်လျှောက်တွင် ကျူးကျော်စုပုံထားသည့် ပစ္စည်းများနှင့် မသပ်မရပ်ဖြစ်နေသည့် ဈေးဆိုင်များအား  ဇူလိုင် ၁၃ ရက်တွင် ရှင်းလင်းမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

“အခုလုပ်တာက လမ်းဘေးက အိမ်တွေကို ရှင်းတာမဟုတ်ဘူး။ အဓိက,က လမ်းဘေးမှာ မသပ်မရပ်ဖြစ်နေတဲ့ အဖီအစွယ်တွေ၊ စုပုံထားတဲ့ ပစ္စည်းတွေ၊ မသပ်မရပ်ဖြစ်တဲ့ ဆိုင်တွေကို အမြင်တင့်တယ်အောင် စည်းကမ်းထိန်းတာ၊ အိမ်တွေကို ဖျက်တာမဟုတ်ဘူး။ အမြင်တင့်တယ်အောင် စည်းကမ်းထိန်းသိမ်းတာပါ” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လှိုင်သာယာမြို့နယ် စည်ပင်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်က ပြောကြားသည်။

ယခုကဲ့သို့ ရှင်းလင်းမှုများအား  ရန်ကုန်- ညောင်တုန်း-ပုသိမ်ကားလမ်းတစ်လျှောက် လှိုင်သာယာမြို့နယ် ဘုရင့်နောင်တံတားမှစတင်ကာ နဝဒေးအိမ်ရာနားအထိ ရှင်းလင်းမှုများ ပြုလုပ်ခဲ့ကြောင်း၊ ထိန်ပင်သုသာန် အထိ ရှင်းလင်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဇူလိုင် ၁၄ ရက်နေ့မှာလည်း ဆက်လုပ်သွားမယ်။ ထိန်ပင်သုသာန်အထိ လုပ်သွားမှာ။ တစ်နေ့တစ်နေ့ ပြီးသလောက် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်။  ရှင်းလင်းထားတဲ့ စာရင်းအတိအကျတော့ သေချာမသိ သေးဘူး။ အခုလိုရှင်းလင်းတာက ကော်မတီရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း စည်းကမ်းထိန်း သိမ်းတာဖြစ်တယ်” ဟု ဦးဝင်းနိုင်က ပြောကြားသည်။

ထို့ပြင် လှိုင်သာယာမြို့နယ်အတွင်း မသပ်မရပ်ဖြစ်နေသည့် ဆိုင်များနှင့် စုပုံထားသည့်ပစ္စည်းများ ရှင်းလင်းမှုကို မြို့နယ်အတွင်းရှိ အဓိကလမ်းမကြီးများတွင်လည်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

“အဓိကလမ်းမကြီးတွေကို ဆောင်ရွက်ပြီးရင် လမ်းကျယ်တွေကို ဆက်လက်ဆောင်ရွက်သွားမယ်” ဟု ဦးဝင်းနိုင်က ပြောကြားသည်။

ယခုကဲ့သို့ ရှင်းလင်းမှုသည် ဈေးရောင်းချနေသူများအား ကန့်ကွက်ပိတ်ပင်တားဆီးခြင်းမဟုတ်ကြောင်း၊ အမြင်မတင့်တယ်သည့်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဈေးရောင်းချမှုကို ခွင့်ပြုသွားမည်ဖြစ်ပြီး စနစ်တကျ သပ်သပ်ရပ်ရပ် ပြုလုပ်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ရှင်းလင်းမှုအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဝန်ထမ်းအင်အား ၁၂၀၊ မြောက်ပိုင်းခရိုင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး ခုနစ်ရုံးမှ ဝန်ထမ်းအင်အား ၁၀၀ စုစုပေါင်းအင်အား ၂၂၀ ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင်နယ်နိမိတ်အတွင်း အများပြည်သူလမ်းများပေါ်၌ မီးစက် နှင့် အခြားပစ္စည်းများ ချထားခြင်း၊ သုံးစွဲခြင်းများပြုလုပ်ပါက ပထမအဆင့် ဒဏ်ငွေနှင့် ဒုတိယအဆင့် ထောင်ဒဏ်ချမှတ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာဥပဒေတွင် ဖော်ပြထားသည်။

ယင်းဥပဒေတွင် မြို့တော်နယ်နိမိတ်အတွင်း မီးစက်နှင့် အခြားပစ္စည်းကိရိယာများကို အများပြည်သူဆိုင်ရာ လမ်း၊ စြင်္ကံ များပေါ်၌ ချထားခြင်း၊ သုံးစွဲခြင်းပြုလုပ်ပါက ပထမအကြိမ်ကျူးလွန်မှုအတွက် ဒဏ်ငွေ ကျပ်တစ်သိန်းမှ ငါးသိန်းအထိ ချမှတ်မည်ဖြစ်ပြီး ဆက်လက်ကျူးလွန်ပါက ထောင်ခြောက်လ ချမှတ်မည်ဖြစ်သည်။

 

Most Read

Most Recent