<

ရန်ကုန်မြို့ရှိ အစိုးရအဆောက်အအုံ ၆၀ နှင့် မြို့နယ် လေးမြို့နယ်ရှိ အဆောက်အအုံအများစုမှာ မပြင်းထန်သော ငလျင်ဒဏ်ကိုသာ ခံနိုင်ရည်ရှိ

ရန်ကုန်မြို့ရှိ အစိုးရအဆောက်အအုံ  ၆၀ နှင့် မြို့နယ်လေးမြို့နယ်ရှိ အဆောက်အအုံအများစုမှာ မပြင်းထန်သော ငလျင်ဒဏ်ကိုသာ ခံနိုင်ရည်ရှိကြောင်း မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ ဦးစောထွေးဇော်က ပြောကြားသည်။

အဆိုပါအဆောက်အအုံများကို အမေရိကန်နိုင်ငံမှ RVS စနစ်ကို အခြေခံသည့် စနစ်များဖြင့် ငလျင်ဒဏ်ခံနိုင်မှု ရှိ မရှိ တွက်ချက်ခဲ့ခြင်းဖြစ်ပြီး ပန်းဘဲတန်းမြို့နယ်အတွင်းရှိ ကိုလိုနီခေတ်အဆောက်အအုံများမှာ ပြင်းထန်သည့် ငလျင်ဒဏ်ကို ခံနိုင်ဖွယ်မရှိဘဲ သစ် နှင့် ကွန်ကရစ်များအား အသုံးပြုဆောက်လုပ်ထားသည့် အဆောက်အအုံများမှာ ကြံ့ခိုင်မှု အနေအထား ပိုမိုကောင်းမွန်သည်ကို တွေ့ရှိ ခဲ့သည်ဟု ဆိုသည်။

“ကျွန်တော်တို့တွေ ကိုယ်ပိုင်စနစ်ကို မထွင်နိုင်တော့ အမေရိကန်က  RVS စနစ်ကို အခြေခံပြီးတော့ လေ့လာစစ်ဆေးမှုတွေ လုပ်ခဲ့တယ်။ ရန်ကုန်မြို့ရဲ့ အစိုးရအဆောက်အအုံ ၆၀ နဲ့ တာမွေ၊ ပန်းဘဲတန်း၊ လှိုင်သာယာ၊ ပုဇွန်တောင်မြို့နယ်တွေက အဆောက်အအုံတွေက ငလျင်ဒဏ်ခံနိုင်ခြင်း ရှိ မရှိကို လေ့လာစမ်းစစ်မှုများ ပြုလုပ်ခဲ့တယ်။ သစ် နဲ့ ကွန်ကရစ်တွေသုံးပြီး ဆောက်ထားတဲ့ အဆောက်အအုံတွေက ကြံ့ခိုင်မှုပိုမိုကောင်းမွန်တာကို တွေ့ရတယ်” ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ  ဦးစောထွေးဇော်က ပြောကြားသည်။

အဆောက်အအုံအသစ်နှင့် အဟောင်းတို့၏ လုံခြုံစိတ်ချရမှုအား အင်ဂျင်နီယာပညာရှင်များက စမ်းစစ်လေ့လာခဲ့ရာ အဆောက်အအုံ အဟောင်းများအား နှစ် ၁၀၀ တွင် တစ်ကြိမ်ဖြစ်ပေါ်နိုင်သည့် ငလျင်ဒဏ်ကို ရည်ရွယ်၍ တွက်ချက်သည့် Design Basis Earthquake (DBE) စနစ်ဖြင့် တွက်ချက်ခဲ့ပြီး အဆောက်အအုံအသစ်များအတွက်မူ နှစ် ၂၅၀ အတွင်း အများဆုံးလာနိုင်သည့် ငလျင်ဒဏ်ကိုရည်ရွယ်၍ တွက်ချက်သည့် Maximum Considered Earthquake (MCE) စနစ်ဖြင့် တွက်ချက်ခဲ့ခြင်းဖြစ်ပြီး ယင်းသို့တွက်ချက်ရာတွင် အဆောက်အအုံ အများစုမှာ အကြမ်းဖျင်းအားဖြင့် DBE အဆင့်သတ်မှတ်ချက်အပေါ်တွင် ပြည့်မီခဲ့ကာ (MCE) အဆင့်သတ်မှတ်ချက်အား ပြည့်မီသည့် အဆောက်အအုံများ ရှိသော်လည်း အချို့အဆောက်အအုံများမှာ ယင်းအဆင့်သတ်မှတ်ချက်ကို ပြည့်မီခြင်း မရှိခဲ့ပေ။

“အဆောက်အအုံတွေ အများစုက နှစ် ၁၀၀ မှာ တစ်ကြိမ်လာနိုင်တဲ့ ငလျင်ဒဏ်ကို ရည်ရွယ်တွက်ချက်တဲ့ Design Basis Earthquake (DBE) Level ကို ပြည့်မီတာကို တွေ့ရတယ်။ နှစ် ၂၅၀ အတွင်း အများဆုံးလာနိုင်တဲ့ ငလျင်ဒဏ်ကို ရည်ရွယ်တဲ့ Maximum Considered Earthquake (MCE) ကို မီတဲ့ အဆောက်အအုံတွေ လည်းရှိပါတယ်။ မမီတာတွေလည်း ရှိတယ်” ဟု ဇူလိုင် ၁၃ ရက်တွင်ပြုလုပ်သည့် ရန်ကုန် တိုင်းဒေသကြီးအတွက်ပြုလုပ်သည့် ဒုတိယအကြိမ် ငလျင်ဖိုရမ်တွင် ဦးစောထွေးဇော်က ပြောကြားသည်။

ယင်းကဲ့သို့ တွက်ချက်ထားမှုမှာ နေရာငါးခုအတွက်သာဖြစ်ပြီး ရန်ကုန်တစ်မြို့လုံးအတွက် ငလျင်ဒဏ်နှင့်ပတ်သက်သည့် အခြေအနေများကို သိရှိနိုင်ရန် ပိုမိုအားစိုက်ကာ လေ့လာစမ်းစစ်မှုများပြုလုပ်ရန် လိုအပ်လျက် ရှိနေကြောင်း သိရသည်။

သုံးခွမြို့နယ်နှင့် ခရမ်းမြို့နယ်များ ပါဝင်သည့် ရန်ကုန်တိုင်းဒေသကြီး၏ အရှေ့ပိုင်းခြမ်းသည် ပြင်းထန်သည့် ငလျင်ကြီးများ ဖြစ်ပေါ်စေသည့် စစ်ကိုင်းပြတ်ရွေ့ကြောပေါ်တွင်ရှိပြီး  တွံတေးနှင့် ကွမ်းခြံကုန်းမြို့နယ်များသည် ဒေးဒရဲပြတ်ရွေ့ကြော၊ တိုက်ကြီးမြို့နယ်သည် ကြပ်ချောင်းပြတ်ရွေ့ စသည့် ပြတ်ရွေ့ကြောများပေါ်တွင် တည်ရှိလျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံးသည် ၁၉၃၀ ပြည့်နှစ်တွင် လူ ၅၅၀ ကျော် သေဆုံးခဲ့သည့် အင်အားရစ်ခ်ျတာစကေး ၇ ဒသမ ၀ အဆင့်ရှိ  ပဲခူးငလျင်ကဲ့သို့သော ငလျင်ကြီးများ၏ သက်ရောက်မှုအား ခံရနိုင်သည့် အ ခြေအနေတွင်ရှိနေသည့် ဒေသတစ်ခုဖြစ်ကြောင်း သိရပြီး ကိုကိုးကျွန်းသည် ငလျင်ကြီးများ လှုပ်ခတ်ပါက ဆူနာမီအန္တရာယ်ကိုပါ ကြုံတွေ့နိုင်သည်ဟု သိရသည်။

July 13, 2018














Copy Protected by Chetan's WP-Copyprotect.