<

မြောင်းမြမြို့တွင် လွှတ်တော်ကိုယ်စားလှယ်များအား အကြည်ညိုပျက်စေရန် ဝေဖန်ရေးသားသည်ဟုဆိုကာ ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားသည့်ဖြစ်စဉ်တွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ခိုင်းစေခြင်းမရှိခဲ့ကြောင်းနှင့် မသိရှိကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ပြောကြား

မြောင်းမြမြို့တွင် လွှတ်တော်ကိုယ်စားလှယ်များ နယ်မြေကွင်းဆင်းရာ၌ ကျောင်းသားများ စောင့်ဆိုင်းကြိုဆိုနေသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ဝေဖန်ပြောကြားချက်တစ်ခုအား Facebook  ပေါ်တွင် ရေးသားခဲ့သည့် ပြည်သူတစ်ဦးအား မြောင်းမြမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ် စားလှယ်များရုံးအဖွဲ့ဝင်မှ လွှတ်တော်ကိုယ်စားလှယ်များအား အကြည်ညိုပျက်စေရန် ရေးသားခဲ့သည်ဟုဆိုကာ ဇူလိုင် ၁၁ ရက်က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်တိုင်ကြားခဲ့သည့် ဖြစ်စဉ်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦး အနေဖြင့် ခိုင်းစေခဲ့ခြင်းများ မရှိခဲ့ကြောင်းနှင့် ၎င်းအနေဖြင့် ယင်းဖြစ်စဉ်အားမသိရှိကြောင်း မြောင်းမြမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမန်းထွန်းကြိုင်က ဖြေရှင်းပြောကြားသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၁၀ ရက်တွင် မြောင်းမြမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဖြစ်ကြသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမန်းထွန်းကြိုင်၊ မဲဆန္ဒနယ် အမှတ်(၂)တိုင်း ဒေသကြီးကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦး၊ လွှတ်တော်ကိုယ်စားလှယ်များရုံးအဖွဲ့မှူး ဦးဝင်းမြင့်နှင့် ရုံးအဖွဲ့ဝင် ဦးအောင်ကိုလတ်တို့မှာ မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံရန် ငါးမြင်းချောင်းကျေးရွာအုပ်စု ကွင်းကလေးကျေးရွာသို့ သွားရောက်ခဲ့ကြောင်း၊ ယင်းသို့ သွားရောက်ခဲ့ရာတွင် ကျောင်းသားကျောင်းသူများက စောင့်ဆိုင်းကြိုဆိုခဲ့ကြောင်း၊ ယင်းသို့ ကြိုဆိုနေသည့် ဓာတ်ပုံများနှင့် အခြားသော မှတ်တမ်းဓာတ်ပုံများကို လွှတ်တော်ကိုယ်စားလှယ်များရုံးအဖွဲ့ဝင် ဦးပြုံး(ခ) ဦးပြူးက ၎င်း၏ Facebook အကောင့်ဖြစ်သည့် Sat Ka ဆိုသည့် အကောင့်မှ Post တင်ခဲ့ကြောင်း၊ ၎င်းပုံများတင်ပြီး တစ်နာရီခန့်အကြာတွင် ကိုကောင်းထက်ဇင်ဆိုသူက ၎င်း၏ Facebook အကောင့်ဖြစ်သည့် Kaung Htet Linn အမည်ရှိအကောင့်မှ လွှတ်တော်ကိုယ်စားလှယ်အား ကျောင်းသားကျောင်းသူများ ကြိုဆိုနေသည့် ပုံအားကူးယူ၍ လွှတ်တော်ကိုယ်စားလှယ်များနှင့် ရုံးအဖွဲ့မျက်နှာများအား စတေကာဖြင့်အုပ်ကာ “ကျောင်းသားကျောင်း သူတွေက အခုထိအသုံးချခံနေရပဲလား၊ ခေတ်အဆက်ဆက် လူကြီးတွေလာတိုင်းလက်က လေးပိုက်ပြီး ဦးခိုက်နေရတုန်းပဲလားစသည့် စာသားများရေးသားကာ ဏသျအ တင်ခဲ့ကြောင်း၊ ယင်းသို့ ရေးသားခဲ့မှုများမှာ ပြည်သူလူထုမှ လွှတ်တော်ကိုယ်စားလှယ်များအထင်အမြင် လွှဲမှားအောင် ရေးသားခဲ့ခြင်းဖြစ်သောကြောင့် ဟုဆိုကာလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦးကကိုကောင်းထက်ဇင်အား Facebook Messenger မှတစ်ဆင့် တင်ထားသည့် Post အား ဖျက်ပေးရန် ပြောကြားခဲ့ကြောင်း၊ ကိုကောင်းထက်ဇင်မှလည်း ဖျက်ပေးမည်ဟု ပြန်လည်ပြောကြားခဲ့သော်လည်း ဇူလိုင် ၁၁ ရက် ညနေပိုင်းအထိ Post အား ဖျက်ပေးခြင်း မရှိသောကြောင့် ကိုကောင်းထက်ဇင်မှာ လွှတ်တော်ကိုယ်စားလှယ်များအား ပြည်သူများက အထင်မြင်လွဲမှားစေရန် ရေးသားခဲ့သည်ဟု ဆိုကာ လွှတ်တော်ကိုယ်စားလှယ်များ ရုံးအဖွဲ့ဝင် ဦးပြုံး (ခ) ဦးပြူးကအမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသို့ အမှုဖွင့်တိုင်ကြားမှုမှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အနေဖြင့် ခွင့်ပြုတရားစွဲဆိုစေခဲ့ခြင်း မဟုတ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမန်းထွန်းကြိုင်က ပြောကြားသည်။

“ကျွန်တော်စွဲခိုင်းတာ မဟုတ်ဘူးမသိပါဘူး” ဟု ဦးမန်းထွန်းကြိုင်က ဆိုသည်။

တရားလိုပြုလုပ်စွဲဆိုခဲ့သူဦးပြုံး၏ Facebook အကောင့်ဖြစ်သော Sat Ka အကောင့်တွင် သတင်းဌာနများသိစေရန်ဟု ခေါင်းစဉ်ဖြင့် ၎င်းတရားစွဲဆိုရခြင်းမှာ လွှတ်တော်ကိုယ်စားလှယ်ရုံးမှ တရားစွဲဆိုခြင်းများ NLD ပါတီ ၀င်တစ်ယောက်အနေဖြင့် တရားစွဲဆိုခြင်းများမဟုတ်ဘဲ ၎င်းတစ်ဦးတည်းအနေဖြင့်သာ တရားစွဲဆိုခြင်းဖြစ်ကြောင်း သတင်းအမှန်မတင်သော သတင်းဌာနများအနေနှင့် မိမိသာ တာဝန်ယူရမည်ဖြစ်ပါသည်ဟု ရေးသားဖော်ပြထားခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မြောင်းမြ မြို့မရဲစခန်းမှ (ပ) ၁၀၂၀ / ၂၀၁၈ ဆက်သွယ် ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်လှစ် စစ်ဆေးဆောင်ရွက်လျက်ရှိပြီး အမှုဖွင့် တိုင်ကြားခြင်းကို ကန့်ကွက်ကြောင်း မြောင်းမြမြို့ရှိ Facebook သုံးစွဲသည့် ပြည်သူများ၏ အကောင့်ရာပေါင်းများစွာတွင် ချောတိုင်တက်ရာ၌ တိုင်အောက်ခြေတွင် ပခုံးထမ်း တင်ပေးထားရသည့် လူငယ်တစ်ဦး၏ ပုံအားပရိုဖိုင်ပုံအဖြစ် ပြောင်းလဲကာကန့်ကွက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

 

 

July 14, 2018














Copy Protected by Chetan's WP-Copyprotect.