နေပြည်တော်သို့ရောက်ရှိစဉ် ရုတ်တရက်နေမကောင်းသဖြင့် ဆေးရုံတက်နေရသော ‘ဝ’ အဖွဲ့ခေါင်းဆောင်နှစ်ဦးအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သွားရောက်ကြည့်ရှု

နေပြည်တော်သို့ရောက်ရှိစဉ် ရုတ်တရက်နေမကောင်းသဖြင့် ဆေးရုံတက်နေရသော ‘ဝ’ အဖွဲ့ခေါင်းဆောင်နှစ်ဦးအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သွားရောက်ကြည့်ရှု
Published 14 July 2018

ဆေးရုံတက်ရောက်နေသည့် “ဝ” အဖွဲ့ခေါင်းဆောင်နှစ်ဦးအား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကြည့်ရှုအားပေးနေစဉ်

နေပြည်တော်သို့ရောက်ရှိစဉ် ရုတ်တရက် နေမကောင်းသဖြင့် နေပြည်တော်ရှိ ခုတင် ၁၀၀၀ အထွေထွေရောဂါကုဆေးရုံကြီးတွင် ဆေးရုံတက်နေရသော “ဝ” အဖွဲ့ ခေါင်းဆောင်နှစ်ဦးအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇူလိုင် ၁၃ ရက် မွန်းလွဲပိုင်းက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရောဂါဖြစ်ပွားမှုအခြေအနေများနှင့် ဆေးဝါးကုသမှု အခြေအနေများအားမေးမြန်းရာ နှလုံးရောဂါအထူးကုပါရဂူကြီးများက ရှင်းလင်းပြောကြားခဲ့ပြီး တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က တစ်ဦးချင်းရင်းရင်းနှီးနှီးအား ပေးစကားပြောကြားကာ အားဖြည့်ငှက်သိုက်ရည်များနှင့် စားသောက်ဖွယ်ရာများအား ပေးအပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

၂၁ ရာစုပင်လုံတတိယအစည်းအဝေးသို့ တက်ရောက်လာသော “ဝ” သွေးစည်း ညီညွှတ်ရေးပါတီ (UWSP/UWSA) ဒုတိယဥက္ကဌ (၃) ပြင်ပဆက်ဆံရေးဌာနကြီးမှူး ဦးကျောက်ကော်အန်းသည် ဇူလိုင် ၁၃ ရက် နံနက်ပိုင်းတွင် ရုတ်တရက် နေမကောင်းသဖြင့် ဆေးရုံတင်ထားရခြင်း ဖြစ်သည်။

အလားတူ “ဝ” အဖွဲ့ ဒုတိယဥက္ကဋ္ဌ (၂) ဦးပေါက်ယူယိသည်လည်း ရုတ်တရက် နေမကောင်းဖြစ်ခဲ့သည့်အတွက် ဇူလိုင် ၁၂ ရက်က  ဆေးရုံတွင် တက်ရောက်ကုသလျက်ရှိပြီး ၎င်းတို့နှစ်ဦး၏ ကျန်းမာရေးမှာ စိုးရိမ်စရာ မရှိကြောင်း “ဝ” အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဆမ်လော့က ပြောကြားသည်။

“အပူရှပ်လို့။ အခုတော့ ပြန်ကောင်း သွားပြီ။ ခုနခဏလေးနဲ့ အားနည်းနည်းယုတ်ပြီးတော့ ချွေးထွက်တာများပြီးတော့ အပူရှပ်ဖြစ်သွားတာပါ။ အခုတော့ သူ့ဟာသူ ပြန်ကောင်းသွားပြီ။ ပြန်ထလို့ရပြီ။ အခု ခုတင် ၁၀၀၀ မှာ။ အတင်းအနားယူခိုင်းနေတယ်။ ဆရာဝန်တွေက။ ကျွန်တော်တို့ကိုတောင် ပေးမဝင်ဘူး ဖြစ်နေတယ်။ အေးဆေး မနားရဘူးဖြစ်နေလို့တဲ့” ဟု ဦးဆမ်လော့က ပြောကြားသည်။

“ဝ” အဖွဲ့ ခေါင်းဆောင်နှစ်ဦးစလုံး လန်းလန်းဆန်းဆန်း ရှိနေပြီး ၎င်းတို့ ဆေးရုံဆင်းရမည့်အချိန်သည် ဆရာဝန်ပေါ် မူတည်နေသည်ဟု ၎င်းက ပြောကြားသည်။

“မနေ့က တက်တဲ့ ဦးပေါက်ယူယိပေါ့ နော်။ ဦးပေါက်ယူယိကတော့ နှလုံးသွေးကြောလေး နည်းနည်းပိတ်နေတယ်။ ပိတ်နေတော့ အပူအအေး မမျှတာနဲ့ ဖျားပြီးတော့ အဲဒါဖြစ်တာပေါ့။ အဲဒါဖြစ်တော့ မနေ့ကလည်း ဒုတိယဆေးရုံအုပ်ကြီးကိုယ်တိုင် ဟိုတယ်ကိုလာပြီးတော့ ခေါ်တယ်။ခေါ်ပြီးရင် ပြန်ကြည့်တယ်။ မနက်ပိုင်းမှာတော့ နှလုံးအထူးကု ဆရာဝန်ပေါ့။ ခုတင် ၁၀၀၀ မှာ အရပ်ဘက် ဆေးရုံမှာရှိတဲ့ နှလုံးအထူးကုဆရာဝန်က အထူးကုပဲ။ သို့သော် ဒီထက်ပိုပြီးတော့ အတွေ့အကြုံများ ပိုပြီးတော့လည်း ဝါရင့်တဲ့ အထူးကုဆို တပ်မတော်ဘက်မှာရှိတယ်။ တပ်မတော်ဘက်မှာရှိတဲ့ ဆရာဝန်ကြီးတွေကို ကျွန်တော်တို့ အကူအညီတောင်းတော့ တပ်မတော်ဘက်ကလည်း လွှတ်ပေးပါတယ်။ အဲ့ဒါလည်း ကြပ်မတ်ကုသနေတယ်။ ဦးကျောက်ကော်အန်းကတော့ သွေးထဲမှာ သကြားဓာတ်နည်းတဲ့ ရောဂါဖြစ်တာပေါ့။ ဖြစ်ပြီးတော့ ခေါင်းနည်းနည်းမူးပြီးတော့ လဲတဲ့သဘောပေါ့။ ဒါနဲ့ ကျွန်တော်တို့က ဂလူးဂို့စ် နှစ်လုံးထိုး လိုက်တယ်။ ထိုးလိုက်တော့ ပိုပြီးတော့ စိတ်ချရအောင် ဆေးရုံကို ပို့တာပေါ့။ အခုပြန်ပြီး သက်သာပါပြီ” ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးက ပြောကြားသည်။

“ဝ” အဖွဲ့ ခေါင်းဆောင်များသည် ဇူလိုင် ၁၁ ရက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်လည်းကောင်း၊ ဇူလိုင် ၁၂ ရက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

Most Read

Most Recent