စတုတ်စီးတီး တောင်ပံကစားသမား ရှာကီရီကို ပေါင်(၁၃.၇၅) သန်းဖြင့် ခေါ်ယူရန် လီဗာပူးလ်အသင်း သဘောတူညီမှုရရှိ

စတုတ်စီးတီး တောင်ပံကစားသမား ရှာကီရီကို ပေါင်(၁၃.၇၅) သန်းဖြင့် ခေါ်ယူရန် လီဗာပူးလ်အသင်း သဘောတူညီမှုရရှိ
Published 13 July 2018

Photo: Reuters

လီဗာပူးလ်အသင်းသည် စတုတ်စီးတီးအသင်းတောင်ပံကစားသမား ရှာကီရီကို ပြောင်းရွှေ့ကြေး ပေါင်(၁၃.၇၅)သန်းဖြင့် ခေါ်ယူရန်သဘောတူညီမှုရရှိခဲ့ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

ဆွစ်ဇာလန်အသင်း တောင်ပံကစားသမား ရှာကီရီကို အီတလီကလပ် လာဇီယိုအသင်းအပါအဝင် ဥရောပထိပ်တန်းကလပ်များက စိတ်ဝင်စားခဲ့ကြသော်လည်း လီဗာပူးလ်အသင်းက လက်ဦးမှု ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

စတုတ်စီးတီးအသင်းသည် အသက် (၂၆)နှစ်အရွယ်ရှိ ရှာကီရီအတွက် လီဗာပူးလ်အသင်း၏ ပေါင် (၁၃.၇၅)သန်းဖြင့် ကမ်းလှမ်းမှုကို လက်ခံခဲ့ခြင်းဖြစ်ပြီး ယနေ့(သောကြာ) ဆေးစစ်မှုခံယူမည်ဖြစ်ကြောင်း သိရှိရသည်။

၂၀၁၅ခုနှစ်က ဘိုင်ယန်မြူးနစ်အသင်းမှ စတုတ်စီးတီးသို့ ပြောင်းရွှေ့လာခဲ့သည့် ရှာကီရီသည် အသင်းနှင့် စာချုပ်သက်တမ်း(၂) နှစ်ကျန်ရှိနေသေးသော်လည်း တန်းဆင်းခဲ့သည့်အတွက် အသင်းပြောင်းရန် ဆုံးဖြတ်ခဲ့သူ ဖြစ်သည်။

ရှာကီရီသည် ပြီးခဲ့သည့်ရာသီက စတုတ်စီးတီးအတွက် ပရီးမီးယားလိဂ် (၃၆)ပွဲတွင် (၈)ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး၊ လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်သည် အမေရိကန်နိုင်ငံသို့ ခြေစမ်းပွဲသွားရောက်ကစားမည့် အသင်းနှင့်အတူ ရှာကီရီကိုပါ ခေါ်ဆောင်သွားရန် စီစဉ်နေကြောင်း သိရသည်။

Most Read

Most Recent