“ဝ” အဖွဲ့မှ ခေါင်းဆောင်နောက်တစ်ဦး နေမကောင်းသဖြင့် ဆေးရုံတင်ထားရပြီး နှစ်ဦးစလုံး စိုးရိမ်စရာ မရှိဟုဆို

“ဝ” အဖွဲ့မှ ခေါင်းဆောင်နောက်တစ်ဦး နေမကောင်းသဖြင့် ဆေးရုံတင်ထားရပြီး နှစ်ဦးစလုံး စိုးရိမ်စရာ မရှိဟုဆို
Published 13 July 2018

“ဝ” အဖွဲ့မှ ဒုတိယဥက္ကဌ (၂) ဦးပေါက်ယူယိအား ဇူလိုင် ၁၂ ရက်က ခေတ္တတည်းခိုသည့် ဟိုတယ်မှ ဆေးရုံသို့ ပို့ဆောင်ရန် ပြင်ဆင်နေသည်ကို တွေ့ရစဉ်

နေပြည်တော်တွင် ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့ တက်ရောက်လာသော “ဝ” သွေးစည်းညီညွှတ်ရေးပါတီ (UWSP/UWSA) ဒုတိယဥက္ကဌ (၃) ဦးကျောက်ကော်အမ်းသည် (ယနေ့) ဇူလိုင် ၁၃ ရက် ရုတ်တရက် နေမကောင်းသဖြင့် နေပြည်တော် ကုတင် (၁၀၀၀) ဆေးရုံတွင် တင်ထားရကြောင်း သတင်းရရှိသည်။

“ဝ” အဖွဲ့မှ ဒုတိယဥက္ကဌ (၂) ဦးပေါက်ယူယိသည်လည်း ရုတ်တရက် နေမကောင်းဖြစ်ခဲ့သည့်အတွက် ဇူလိုင် ၁၂ ရက်က နေပြည်တော် ကုတင် (၁၀၀၀) ဆေးရုံသို့ တက်ရောက်ကုသလျှက်ရှိပြီး ၎င်းတို့နှစ်ဦး၏ ကျန်းမာရေးမှာ စိုးရိမ်စရာ မရှိကြောင်း “ဝ” အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဆမ်လော့က ပြောကြားသည်။

“အပူရှပ်လို့။ အခုတော့ ပြန်ကောင်းသွားပြီ။ ခုန ခဏလေးနဲ့ အားနည်းနည်းယုတ်ပြီးတော့ ချွေးထွက်တာများပြီးတော့ အပူရှပ်ဖြစ်သွားတာပါ။ အခုတော့ သူ့ဟာသူ ပြန်ကောင်းသွားပြီ။ ပြန်ထလို့ရပြီ။ အခု ကုတင်တစ်ထောင်မှာ။ အတင်းအနားယူခိုင်းနေတယ်။ ဆရာဝန်တွေက။ ကျွန်တော်တို့ကိုတောင် ပေးမဝင်ဘူး ဖြစ်နေတယ်။ အေးဆေးမနားရဘူးဖြစ်နေလို့တဲ့” ဟု ဦးဆမ်လော့က ပြောကြားသည်။

“ဝ” အဖွဲ့ ခေါင်းဆောင်နှစ်ဦးစလုံး လန်းလန်းဆန်းဆန်း ရှိနေပြီး ၎င်းတို့ ဆေးရုံဆင်းရမည့်အချိန်သည် ဆရာဝန်အပေါ် မူတည်နေသည်ဟု ၎င်းက ပြောသည်။

“ဝ” အဖွဲ့ ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့သည် နေပြည်တော်တွင် ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့ တက်ရောက်လာခြင်းဖြစ်သည်။

“ဝ” အဖွဲ့ ခေါင်းဆောင်များသည် ဇူလိုင် ၁၁ ရက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်းကောင်း ဇူလိုင် ၁၂ ရက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

Most Read

Most Recent