ဟာဇက်ကို ပေါင်သန်း (၁၅၀)ဖြင့်ကမ်းလှမ်းရန် ရီးယဲလ်မက်ဒရစ် စီစဉ်နေဟု သတင်းထွက်

ဟာဇက်ကို ပေါင်သန်း (၁၅၀)ဖြင့်ကမ်းလှမ်းရန် ရီးယဲလ်မက်ဒရစ် စီစဉ်နေဟု သတင်းထွက်
Published 13 July 2018

ရီးယဲလ်မက်ဒရစ်အသင်းသည် ချယ်လ်ဆီးအသင်း၏ ဘယ်လ်ဂျီယံကွင်းလယ်လူ ဟာဇက်ကို ပေါင်သန်း (၁၅၀)ဖြင့် ကမ်းလှမ်းရန် စီစဉ်နေကြောင်း ဗြိတိန်အခြေစိုက် Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် စီရော်နယ်လ်ဒို၏နေရာတွင် အစားထိုးရန် ဟာဇက်ကိုခေါ်ယူလိုနေခြင်းဖြစ်ပြီး လာမည့်ရက်ပိုင်းအတွင်း ကမ်းလှမ်းမှုပြုလုပ်သွားဖွယ်ရှိနေသည်။ ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘယ်လ်ဂျီယံအသင်းနှင့်အတူ ခြေစွမ်းပြနိုင်ခဲ့သည့် ဟာဇက်ကိုယ်တိုင်က ရီးယဲလ်မက်ဒရစ်သို့ပြောင်းရွှေ့ရန်ဆန္ဒရှိနေပြီး ချယ်လ်ဆီးအသင်း၏တစ်ပတ်လစာပေါင် (၃)သိန်းဖြင့် စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်းမှုကို ငြင်းပယ်ထားသည်။ ဟာဇက်သည် ချယ်လ်ဆီးအသင်းတွင် (၂)နှစ်ခန့် စာချုပ်သက်တမ်းကျန်ရှိနေသေးသော်လည်း နည်းပြအပြောင်းအလဲနှင့် ကစားသမားခေါ်ယူမှုအားနည်းချက်များကြောင့် အသင်းမှထွက်ခွာရန် ဆန္ဒရှိနေကြောင်း သိရသည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် စီရော်နယ်လ်ဒိုအား ရောင်းချခဲ့ပြီးနောက် နေမာ၊ ဘာပေနှင့် ဟာဇက် စသည့် ကစားသမား (၃)ဦးကို အဓိကပစ်မှတ်ထားကာ အစားထိုးခေါ်ယူရန်လိုနေပြီး ဟာဇက်မှာ ပရိသတ်များ၏ ဒုတိယခေါ်ယူစေချင်သည့် ကစားသမားအဖြစ် ဘာပေ၏နောက်တွင် ရပ်တည်နေသည်။ ဘယ်လ်ဂျီယံအသင်း လာမည့်စနေ့ညတွင် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ တတိယလုပွဲအဖြစ် အင်္ဂလန်အသင်းနှင့် ရင်ဆိုင်ကစားရမည်ဖြစ်သည်။

Most Read

Most Recent