မောင်တောတွင် ညမထွက်ရအမိန့် အချိန်တိုးမြှင့် ကြေညာ

မောင်တောတွင် ညမထွက်ရအမိန့် အချိန်တိုးမြှင့် ကြေညာ
Published 25 August 2017

မောင်တောတွင် ညမထွက်ရအမိန့်ကို ပြင်ဆင်ကာ ညနေ ၆ နာရီမှ နံနက် ၆ နာရီ အဖြစ် အချိန်တိုးမြှင့် ကြေညာခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၉ ရက်နေ့က ကြေညာခဲ့သည့် ညမထွက်ရအမိန့်မှာ ညနေ ၉ နာရီမှ နံနက် ၅ အထိဖြစ်ပြီး သြဂုတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းက ထပ်မံကာ ရဲစခန်းများကို ဘင်္ဂါလီ အကြမ်းဖက်သမားများက တိုက်ခိုက်မှု ဖြစ်လာသဖြင့် ညမထွက်ရ အမိန့်ကို အချိန်တိုးမြှင့် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

"ခုနားကပဲ အသံချဲ့စက်နဲ့ မြို့ကိုလည်ပြီး ညမထွက်ရအမိန့် ထုတ်ပြန်ကြေငြာခဲ့တာ ဖြစ်ပါတယ်။ ညမထွက်ရ အချိန်က ညနေ ၆ နာရီကနေ နံနက် ၆ နာရီအထိ ဖြစ်သွားပါပြီ။ အခု ဘာသံမှ မကြားရဆိုပေမယ့် နေ့လည်ပိုင်းမှာ ဘင်္ဂါလီတွေ ထပ်ဝိုင်းလာမယ်ကြားလို့ အားလုံးစိုးရိမ် နေကြတယ်။" ဟု မောင်တောမြို့ခံ ဦးစိန်လှဖြူက ပြောသည်။

အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများက ရဲကင်း၊ ရဲစခန်းများကို တစ်ချိန်တည်း တိုက်ခိုက်၊ ရဲတပ်ဖွဲ့ဝင် ၈ ဦး၊ ဒုလဝကမှူး ၁ ဦး ပေါင်း ၉ ဦးကျဆုံး၊ လက်နက်ငယ် ၆ လက်၊ လက်ကိုင်ဆက်သွယ်ရေးစက် ၁ လုံး ဆုံးရှုံး၊ အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမား ၁၆ လောင်းရရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သြဂုတ် ၂၅ ရက် နံနက် အာရုဏ်တက်တွင် မောင်တောခရိုင်အတွင်း ရဲစခန်းတစ်ခုအား လက်လုပ်မိုင်းများဖြင့် မိုင်းခွဲတိုက်ခိုက်ခြင်းဖြင့် အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများက တိုက်ခိုက်မှုများ စတင်ပြုလုပ်လာခဲ့ရာ နေရာအများအပြားရှိ ရဲကင်းများ၊ ရဲစခန်းများကို တစ်ချိန်တည်း တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent