ကန့်ကွက်စာများ ဖြန့်ဝေမှုဖြင့် ကရင်နီလူငယ် ၁၀ ဦးအား နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ (ဂ) တို့ဖြင့် လွိုင်ကော်မြို့နယ် တရားရုံးတွင် ဒုတိယအကြိမ် ရုံးတင်ရာ အာမခံမယူဘဲ ထောင်အချုပ်ဖြင့် တရားရင်ဆိုင်နေသည့် လူငယ်သုံးဦးမှာ လက်ထိတ်ခတ် မခံသောကြောင့် အမှုမစစ်ဖြစ်

ကန့်ကွက်စာများ ဖြန့်ဝေမှုဖြင့် ကရင်နီလူငယ် ၁၀ ဦးအား နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ (ဂ) တို့ဖြင့် လွိုင်ကော်မြို့နယ် တရားရုံးတွင် ဒုတိယအကြိမ် ရုံးတင်ရာ အာမခံမယူဘဲ ထောင်အချုပ်ဖြင့် တရားရင်ဆိုင်နေသည့် လူငယ်သုံးဦးမှာ လက်ထိတ်ခတ် မခံသောကြောင့် အမှုမစစ်ဖြစ်
Published 13 July 2018

လွိုင်ကော်မြို့နယ် တရားရုံးအား ဇူလိုင် ၁၂ ရက်က တွေ့ရစဉ်

ကယားပြည်နယ် (ကရင်နီ) သမိုင်းအမှန်နှင့် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု စိုက်ထူခြင်းမပြုရန် ကန့်ကွက်စာများ ဖြန့်ဝေမှုဖြင့် ကရင်နီလူငယ် ၁၀ ဦးအား နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ (ဂ) ဖြင့် ကယားပြည်နယ် လွိုင်ကော်မြို့နယ် တရားရုံး၌ ဇူလိုင် ၁၂ ရက်တွင် ဒုတိယအကြိမ် ရုံးတင်ရာ အာမခံမယူဘဲ ထောင်အချုပ်ဖြင့် တရားရင်ဆိုင်နေသည့် လူငယ်သုံးဦးမှာ လက်ထိတ်ခတ် မခံသောကြောင့် အမှုမစစ်ဆေးဖြစ်ခဲ့ကြောင်း သိရသည် ။

“တရားရုံးကတော့ လုပ်ထုံးလုပ်နည်းနဲ့အညီ ခေါ်လာဖို့ ဆိုပြီးတော့မှ ပြောတယ်။ လက်ထိတ်ခတ် ခေါ်လာဖို့ ပြောတယ်ပေါ့။ ဒါပေမဲ့ ဒီလူငယ် သုံးယောက်ကတော့ လက်ထိတ်ခတ် မခံတဲ့အတွက် အခြေအနေက ရုံးထုတ်ဖို့ အဆင်မပြေတော့ဘူးပေါ့နော်” ဟု ကရင်နီပြည်လူငယ်များသမဂ္ဂ အထွေထွေအတွင်းရေးမှူး ခွန်းဘားနဒ်ဘုတ်က ပြောကြားသည် ။

လွိုင်ကော်မြို့နယ် တရားရုံးတွင် တရားစွဲဆို ခံနေရသူများအနက် သုံးဦးဖြစ်သော ကိုဒီးဒီ၊ ခွန်းဖိလစ်စိုးအောင်နှင့် ခွန်းမျိုးလှိုင်ဝင်းတို့မှာ ဇူလိုင် ၁၁ ရက်တွင် ဒီးမော့ဆို တရားရုံးက နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅ (ခ)၊ (ဂ) ဖြင့်ပင် ပထမအကြိမ် ရုံးတင် စစ်ဆေးရာ အာမခံမယူသဖြင့် လွိုင်ကော် ထောင်အချုပ်ဖြင့် တရားရင်ဆိုင်နေသူများ ဖြစ်ပြီး ၎င်းတို့ သုံးဦးအား မြို့နယ်အလိုက် ပုဒ်မများတပ် တရားစွဲဆိုရန် စီစဉ်ထားကြောင်း သိရသည်။

ဇူလိုင် ၁၂ ရက်တွင် လွိုင်ကော်မြို့နယ် တရားရုံးက လူငယ် ၁၀ ဦးအား အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အရာရှိတစ်ဦးက တရားလိုပြုလုပ်၍ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ (ဂ) ဖြင့် ဒုတိယအကြိမ် ရုံးထုတ် စစ်ဆေးရာ ပထမအကြိမ်ကဲ့သို့ ပင် တရားစွဲဆိုသည့် လူငယ်များအနက် သုံးဦး၏ အချက်အလက်များ မပြည့်စုံခြင်းတို့ကြောင့် မြို့နယ်တရားသူကြီးက အချက်အလက် ပြည့်စုံစွာ ပြန်တင်ရန် ညွှန်ကြားပြီး တတိယအကြိမ် ရုံးချိန်းကို ဇူလိုင် ၂၅ ရက်သို့ ထပ်မံ ချိန်းဆိုခဲ့ကြောင်း သိရသည်။

နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် ပထမအကြိမ် တရားရုံးဆင့်ခေါ်ရာ တရားသူကြီးက လူငယ်တစ်ဦးလျှင် အာမခံကြေး ကျပ်သိန်း ၃၀ တင်အာမခံပြီး ဒုတိယအကြိမ် ရုံးချိန်းကို ဇူလိုင် ၁၂ ရက်သို့ ချိန်းဆိုခဲ့ကြောင်း၊ တရားစွဲခံရသည့် လူငယ်များထဲတွင် ကိုဒီးဒီ၏ ဇနီးဖြစ်သူနှင့် ညီမဖြစ်သူတို့မှာ စာဝေစဉ်က မပါရှိသော်လည်း အမှုတည်ဆောက်ရာတွင် အခြားသူများ၏ ဓာတ်ပုံများဖြင့် ရုံးတင်ခဲ့ကြောင်း စွပ်စွဲခံရသူများထံမှ သိရသည်။

ကယားပြည်နယ်အတွင်း နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲခံရသူ လက်ရှိအချိန်အထိ ကရင်နီလူငယ် ၁၁ ဦးရှိပြီး ငြိမ်းစုစီပုဒ်မဖြင့် တရားစွဲဆိုရန်အတွက် ကရင်နီလူငယ် ၁၆ ဦးကိုလည်း အမှုတည်ဆောက်နေသဖြင့် အာဏာပိုင်များက လာရောက် စစ်ဆေးချက်ယူနေကြောင်း သိရသည် ။

တရားစွဲခံရသော လူငယ်များမှာ ကယားပြည်နယ်တွင် အာဇာနည်နေ့ ကျင်းပခွင့် တားမြစ်ခြိမ်းခြောက် ခံထားရသည့် ၂၀၁၂ ခုနှစ်မှစ၍ နှစ်စဉ် အာဇာနည်နေ့ကို မပျက်မကွက် ပါဝင်လှုံ့ဆော်ခဲ့ကြသူများ ဖြစ်သည့်အပြင် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲစည်းရုံးရေး ခရီးစဉ်တွင် နေ့၊ ည လုံခြုံရေး ယူပေးခဲ့ကြသူများလည်း ပါဝင်ကြောင်း ၊ မိမိတို့ဌာနေများတွင် NLD အား မဲပေးရန် စည်ရုံးပေးခဲ့သူများလည်း ဖြစ်ကြောင်း သိရသည်။

Most Read