မီတာခ နှုန်းထားများအား သာမန် သုံးစွဲနေသူများ ထိခိုက်ခြင်း မရှိဘဲ အများဆုံး သုံးစွဲသူများထံမှ အချင်းချင်း အပြန်အလှန် မျှဝေခံစားခြင်း နည်းစနစ်ဖြင့် ဆောင်ရွက်ရန် စီမံနေဟုဆို

မီတာခ နှုန်းထားများအား သာမန် သုံးစွဲနေသူများ ထိခိုက်ခြင်း မရှိဘဲ အများဆုံး သုံးစွဲသူများထံမှ အချင်းချင်း အပြန်အလှန် မျှဝေခံစားခြင်း နည်းစနစ်ဖြင့် ဆောင်ရွက်ရန် စီမံနေဟုဆို
Published 13 July 2018

မီတာခ နှုန်းထားများအား သာမန် သုံးစွဲနေသူများ ထိခိုက်ခြင်း မရှိဘဲ အများဆုံး သုံးစွဲသူများထံမှ အချင်းချင်း အပြန်အလှန် မျှဝေခံစားခြင်း နည်းစနစ်ဖြင့် ဆောင်ရွက်ရန် စီမံနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးစိုးမြင့်က ပြောကြားသည်။

“စီစဉ်နေတယ် ဆိုတာ အခြေခံလူတန်းစား သာမန်အားဖြင့် သုံးစွဲတဲ့ သူတွေပေါ့။ သာမန်အားဖြင့် သုံးစွဲတဲ့ သူတွေကို မထိခိုက်တဲ့ နည်းပေါ့။ မထိခိုက်တဲ့ နည်းကို စဉ်းစားနေပါတယ်။ စီစဉ်နေပါတယ်။ သို့သော် သာမန် သုံးစွဲတဲ့သူတွေ မထိခိုက်ပေမယ့် အပေါ်မှာ အများဆုံးသုံးတဲ့ သူတွေကနေပြီးတော့ အချင်းချင်း အပြန်အလှန် မျှဝေခံစားခြင်းဆိုတဲ့ နည်းနစ်နဲ့ ဆောင်ရွက်နိုင်ဖို့အတွက် ကျွန်တော်တို့ စီမံနေပါတယ်” ဟု ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးစိုးမြင့်က ပြောကြားသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတွင် ဇူလိုင် ၁၂ ရက်က ပြုလုပ်သည့် သတင်းထုတ်ပြန်ပွဲတွင် သတင်းထောက်များ၏ မေးမြန်းမှုကို ဒုတိယအမြဲတမ်း အတွင်းဝန်က အထက်ပါကဲ့သို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်မှ ငွေကြေးစိုက်ထုတ်မှု များလာသည့်အတွက် နိုင်ငံတော်ကို ပြန်ကြည့်သည့် အနေဖြင့် အချင်းချင်း အပြန်အလှန် မျှဝေခံစားခြင်း နည်းစနစ်ကို သုံးစွဲရခြင်း ဖြစ်ကြောင်း ဒုတိယအမြဲတမ်း အတွင်းဝန် ဦးစိုးမြင့်က ဆိုသည်။

၎င်းက “စီမံနေတယ် ဆိုတဲ့နေရာမှာ တင်ပြခဲ့သလို မတက်လို့ မတိုးလို့တော့ မရတော့ဘူး။ နိုင်ငံတော်က တဖြည်းဖြည်း စိုက်ထုတ်ရမယ့် ဟာတွေ များလာတဲ့အတွက် ကျွန်တော်တို့ အားလုံးက နိုင်ငံတော်ကို ပြန်ကြည့်ပေးရတော့မှာပေါ့။ နိုင်ငံတော် ပြန်ကြည့်တဲ့နေရာမှာ အခြေခံလူတန်းစားကို မထိခိုက်ဘူး။ အချင်းချင်း မျှဝေခံစားတဲ့စနစ်နဲ့ ဆောင်ရွက်သွားဖို့ စီမံနေပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အချင်းချင်း အပြန်အလှန် မျှဝေခံစားခြင်း နည်းစနစ်အား သတ်မှတ်ထားသည့် ဝန်ဆောင်မှုအဆင့်သို့ ရောက်ရှိပါက စတင် ဆောင်ရွက်မည် ဖြစ်ကြောင်း ဦးစိုးမြင့်က ဆိုသည်။

“ဝန်ဆောင်မှုကောင်းအောင် လုပ်တဲ့နေရာမှာ သတ်မှတ်တဲ့အချိုးကို ရောက်ခါနီးနေပြီ။ ရောက်သွားပြီဆိုရင် အဲဒါကို ကျွန်တော်တို့ စီစဉ်မှာ ဖြစ်ပါတယ်။ အချိန်ကတော့ ပြောလို့ မရသေးဘူး။ ဒါက တစ်နိုင်ငံလုံးနဲ့၊ ပြည်သူ တစ်ရပ်လုံးနဲ့ သက်ဆိုင်နေတဲ့ အခန်းကဏ္ဍပဲ။ ကျွန်တော်တို့က ဘက်ပေါင်းစုံ စဉ်းစားရတယ်။ ဒီတစ်ခုလေး ကြည့်ပြီး စဉ်းစားလို့ အဆင်မပြေဘူး။ မျှဝေသုံးစွဲတဲ့ သူတွေဘက်ကရော ဘယ်လို သက်ရောက်မှုဖြစ်မလဲ။ သူတို့အတွက်လည်း ပြန်စဉ်းစားပေးရတယ်” ဟု ဒုတိယအမြဲတမ်း အတွင်းဝန် ဦးစိုးမြင့်က ပြောကြားသည်။

မီတာ ထိန်းသိမ်းစောင့်ရှောက်ခ ကောက်ခံခြင်းမှ ရရှိသည့်ငွေများသည် မီတာများ ပြန်လည်ဝယ်ယူခြင်း၊ လိုအပ်သည့် ဓာတ်အားလိုင်းများနှင့် ထရန်စဖော်များ ဖြည့်ဆည်းသည့် နေရာများတွင် ပြန်လည် အသုံးပြုကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။