YBS ယာဉ်တစ်စီး၏ လစဉ်ဝင်ငွေ လျော့နည်းခြင်း အပါအဝင် ငွေစာရင်းများကို ပွင့်လင်းမြင်သာစွာ မရှင်းလင်းဟုဆိုကာ Power Eleven ကုမ္ပဏီအား ယာဉ်ပိုင်ရှင်အချို့ တိုင်ကြား

YBS ယာဉ်တစ်စီး၏ လစဉ်ဝင်ငွေ လျော့နည်းခြင်း အပါအဝင် ငွေစာရင်းများကို ပွင့်လင်းမြင်သာစွာ မရှင်းလင်းဟုဆိုကာ Power Eleven ကုမ္ပဏီအား ယာဉ်ပိုင်ရှင်အချို့ တိုင်ကြား
Published 13 July 2018

YBS ခရီးသည် ယာဉ်တစ်စီး၏ လစဉ်ဝင်ငွေ လျော့နည်းခြင်း အပါအဝင် ငွေစာရင်းများကို ပွင့်လင်းမြင်သာစွာ မရှင်းလင်းဟုဆိုကာ Power Eleven အများပိုင်ကုမ္ပဏီအား ယာဉ်ပိုင်ရှင် ခြောက်ဦးက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေးနှင့် စက်မှုလက်မှုရေးရာ ကော်မတီသို့ တိုင်ကြားခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ကို အချက်သုံးချက် တင်ပြတယ်။ သူတို့ ယာဉ်တွေ ထည့်တဲ့ဟာက အရင်တုန်းက ရပိုင်ခွင့်အနေနဲ့ လစာအနေနဲ့ဆိုရင် ယာဉ်တစ်စီးကို တစ်လကို လေး ငါး ခြောက်သိန်းလောက် သူတို့ရတယ်။ အခုကျတော့ တစ်လကို ၁၄၀,၀၀၀ ပဲပေးတာက အကြာကြီးဖြစ်နေပြီ။ ဧပြီ လောက်ကတည်းကလို့ ပြောတယ်။ ပြီးတော့ သူတို့ရဲ့ ငွေစာရင်းတွေကို သေချာမရှင်းပြပါဘူး။ ဘာတွေကုန်တယ်ဆိုတာ မရှင်းပြဘူး။ အစည်းအဝေးတွေ မခေါ်ဘူး။ နောက်တစ်ခုက နှစ်ပတ်လည်သွားပြီး အစီရင်ခံစာလည်း မထွက်ဘူး။ အဲဒါတွေကို ကျွန်တော်တို့ကို တိုင်တာပါ” ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေးနှင့် စက်မှုလက်မှုရေးရာ ကော်မတီအဖွဲ့ဝင် ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ် (၁) မှ လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောကြားသည်။

Power Eleven ကုမ္ပဏီကို ယာဉ်ပိုင်ရှင်များက တိုင်ကြားသည့် အကြောင်းအရာအချို့မှာ ယာဉ်မောင်းများ၏ အသုံးစရိတ်များကို အလုံးစုံကို ထည့်သွင်း တွက်ချက်ထားကြောင်း၊ အထူးယာဉ်လိုင်းတွင် မူလယာဉ်၏ ထိုင်ခုံများ ဖြုတ်လဲ ရောင်းချခြင်းကို ယာဉ်ပိုင်ရှင်များက မသိရှိကြောင်း အပါအဝင် ငွေရေးကြေးရေးနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု မရှိခြင်းများ စသည်တို့ကို တိုင်ကြားထားကြောင်း သိရသည်။

“Power Eleven အများပိုင်ကုမ္ပဏီမှာ ထည့်ထားတဲ့ တစ်ဦးချင်း ကားပိုင်ရှင်တွေထဲက ၃၅ စီးလောက်က ယာဉ်လိုင်း ဂိတ်ရင်း ဂိတ်ဖျားတူတဲ့ တခြားကုမ္ပဏီ ရှိတယ်။ ခေတ်သစ်ဘုရင့်နောင် ကုမ္ပဏီကို ပြောင်းချင်တယ်။ တိုင်တာကတော့ ယာဉ်ပိုင်ရှင် ခြောက်ယောက်က တိုင်ပြီးတော့ ကျွန်တော်တို့ ကော်မတီမှာ လာပြီးတော့ ဆွေးနွေးတာပါ။ တိုင်တဲ့ဟာကို ကျွန်တော်တို့က သူတို့ကို ခေါ်ယူပြီးတော့ မေးမြန်းတယ်” ဟု ဦးသန်းနိုင်ဦးက ပြောကြားသည်။

အဆိုပါကိစ္စများကို YRTA သို့ ယာဉ်ပိုင်ရှင်များက တိုင်ကြားထားပြီး စုံခုံအဖွဲ့မှ စစ်ဆေးနေသော်လည်း ရက်ပေါင်း ၄၀ ကြာခဲ့ကာ စစ်ဆေးမှု မပြီးစီးခြင်းနှင့် အကြောင်းအရာ ထူးထူးခြားခြား မသိရသဖြင့် ယာဉ်ပိုင်ရှင်များက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေးနှင့် စက်မှုလက်မှုရေးရာကော်မတီသို့ တိုင်ကြားခြင်း ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်လည်း ဆိုရှယ်မီဒီယာမှာ တင်ထားတာ ရှိပါတယ်။ ငွေစာရင်း အခန်းကဏ္ဍမှာ မရိုးဖြောင့်တဲ့သဘောနဲ့ လုပ်ဆောင်တယ်၊ ထင်မြင်ယူဆချက် ရှိတယ်ဆိုရင် ဥပဒေကြောင်းအရ ဆောင်ရွက်ပါလို့ ပြောထားပါတယ်။ ကျွန်တော်တို့ဘက် ဥပဒေကြောင်းအရ ဖြေရှင်းပါမယ်။ အဲဒီတိုင်း ပို့ဆောင်ရေး၊ စက်မှုလက်မှုကော်မတီကို မတိုင်ခင်ကလည်း YRTA မှာ သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်မှာ တိုင်ကြားထားတာ ရှိပါတယ်။ အဲဒီမှာလည်းပဲ သက်ဆိုင်ရာဌာနက ကျွန်တော်တို့ကို ခေါ်ပြီးတော့ စစ်တာရှိပါတယ်။ အထူးသဖြင့်တော့ ငွေစာရင်းပေါ့။ ကျွန်တော်ဘက်ကလည်း ငွေစာရင်းတွေ စနစ်တကျ လုပ်ထားတာ ရှိပါတယ်။ ငွေစာရင်းတွေကို ကျွန်တော်တို့ အစစ်ဆေး ခံပါတယ်။ တည်ဆဲဥပဒေ ရှိပြီးသားဖြစ်တဲ့အတွက် ဥပဒေအရ ဆောင်ရွက်လို့ ရပါတယ်။ ကျွန်တော်တို့ စနစ်တကျ လုပ်ထားတယ်။ မရိုးဖြောင့်တာ ဘာမှမရှိတဲ့အတွက် ဒီအပေါ်မှာ ဘာမှပြန်လုပ်ဖို့ မရှိဘူး။ စနစ်တကျ ပြန်ဖြေရှင်းလို့ ရပါတယ်” ဟု Power Eleven အများပိုင်ကုမ္ပဏီမှ ကိုတရုတ်လေးက ပြောကြားသည်။

Most Read

Most Recent