လာမည့် ၃၆ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်ပေါ်နိုင်

လာမည့် ၃၆ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်ပေါ်နိုင်
Published 13 July 2018

၃၆ နာရီအတွင်း ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း တစ်ခု ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင် ၁၂ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ထုတ်ပြန်ထားသည်။

“လေဖိအားနည်း ဖြစ်လာရင်လည်း အိန္ဒိယဘက်ထဲကိုပဲ သွားမှာ။ မှတ်ထားရမှာ က ဇူလိုင်၊ သြဂုတ်လတွေမှာ အမြဲတမ်းလိုလို ဖြစ်တယ်။ သိပ်စိုးရိမ်စရာတော့ မရှိပါဘူး။ လေဖိအားနည်း ဖြစ်ရင်လည်း ကမ်းနား ကပ်ဖြစ်မှာဆိုတော့ မုန်တိုင်းလည်း မဖြစ်နိုင်ဘူး။ မိုးတော့ ရွာမယ်။ အိန္ဒိယနဲ့ နယ်စပ်ဖြစ်တဲ့ တမူးတို့၊ ချင်းပြည်နယ်တို့၊ ရခိုင်ပြည်နယ်တို့ တောင်ပြိုလက်ဝဲတို့ ဘာတို့ အဲဒီနေရာတွေ မိုးရွာမယ်” ဟု မိုးလေဝသပညာရှင် ဦးချစ်ကျော်က ပြောကြားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ဇူလိုင် ၁၂ ရက် မိုးလေဝသ ထုတ်ပြန်ချက်တွင် မန္တလေးတိုင်းဒေသကြီးတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား၊ နေပြည်တော်တွင် နေရာကျဲကျဲ၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် နေရာစိပ်စိပ် နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာခဲ့ကာ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက် မိုးကြီးခဲ့ကြောင်း သိရသည်။

ထို့ပြင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော် တောင်ပိုင်းတို့တွင် မုတ်သုံလေအား အလွန်ကောင်းနေပြီး ကျန် ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေကြောင်း သိရသည်။