ခန္တီးမြို့တွင် ပြုလုပ်မည့် ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူခြင်းနှင့် အခမ်းအနား အစီအစဉ်များတွင် နာဂရိုးရာ ဝတ်စားဆင်ယင်မှုဖြင့် တက်ရောက်ခြင်း မပြုရန် နာဂအမျိုးသားရေးရာကောင်စီ ထုတ်ပြန်

ခန္တီးမြို့တွင် ပြုလုပ်မည့် ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူခြင်းနှင့် အခမ်းအနား အစီအစဉ်များတွင် နာဂရိုးရာ ဝတ်စားဆင်ယင်မှုဖြင့် တက်ရောက်ခြင်း မပြုရန် နာဂအမျိုးသားရေးရာကောင်စီ ထုတ်ပြန်
Published 13 July 2018

ခန္တီးမြို့တွင် ပြုလုပ်မည့် ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူခြင်း လှုပ်ရှားမှုနှင့် အခမ်းအနား အစီအစဉ်များတွင် နာဂရိုးရာ ဝတ်စားဆင်ယင်မှုဖြင့် တက်ရောက်ခြင်း မပြုရန် နာဂအမျိုးသားရေးရာကောင်စီက ၂၀၁၈ ခုနှစ် ဇူလိုင် ၇ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

“စာထွက်ထားတာက Public Statement တော့ မဟုတ်ဘူး။ လွန်ခဲ့တဲ့ လေး၊ ငါး ရက်လောက်က ပေးထားတာ။ အခုဟာက ခန္တီးမှာ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူကြမယ်ဆိုပြီး လူတွေက ပြောကြတယ်။ ဒီဟာနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်မှာလဲ ဆိုပြီး ဒေသခံတွေ ကြားထဲမှာ သဘောထား ကွဲလွဲတာတွေ အများကြီး ရှိလာတာပေါ့။ ကျွန်တော်တို့ နာဂ အမျိုးသားရေးရာကောင်စီဟာ ဆိုလို့ရှိရင် ကျွန်တော်တို့ နာဂ လူမှုအရပ်ဘက် အဖွဲ့အစည်းတွေကြားထဲမှာ မိခင်အဖွဲ့အစည်း တစ်ခုအနေနဲ့ ကျန်တဲ့ နေရာဒေသတွေမှာလည်း ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူတာနဲ့ ပတ်သက်ပြီးတော့ ပြဿနာတွေ ရှိနေတဲ့အတွက် ဒီဟာထဲမှာ ကျွန်တော်တို့ အနေနဲ့ မပါဝင်ဖို့ပေါ့။ ဒေသ အာဏာပိုင်တွေအနေနဲ့ လုပ်နေတာကလည်း ဒေသအတွင်းမှာ လိုအပ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဒါတွေဟာ အထောက်အကူ မပြုစေဘူးပေါ့။ အဲဒါတွေက ကျွန်တော်တို့တတွေဟာ မပါဝင်သင့်တဲ့ အကြောင်းပေါ့။ ကျွန်တော်တို့ ဖြစ်ချင်တာက အခု ကျွန်တော်တို့ ပြောနေလုပ်နေတဲ့ ဟာတွေက ဗိုလ်ချုပ်အောင်ဆန်းကို မထီလေးစား လုပ်တာ မဟုတ်ဘူး။ ဗိုလ်ချုပ် ဗန်းပြပြီးတော့ လုပ်နေတဲ့ ပုံစံမျိုးတွေ ဒါတွေဟာ မသင့်တော်ဘူးလို့ မျှော်လင့်တယ်။ ပြီးတော့ ဒီလို လုပ်နေမယ့်အစား ကျွန်တော်တို့က ဘယ်လို ဖြစ်ခိုင်းစေချင်လဲ ဆိုတော့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုကို ကျွန်တော်တို့ ကိုယ်တိုင် စိုက်ချင်တာ၊ ကျွန်တော်တို့ ကိုယ်တိုင် လုပ်ပေးချင်တာ အဓိပ္ပာယ်ရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုပေါ့။ အခုဟာက ဗိုလ်ချုပ်အောင်ဆန်း ပေးအပ်ခဲ့တဲ့ ကတိကဝတ်တွေက ဘာမှမရှိဘဲနဲ့၊ ဗိုလ်ချုပ်ပေးခဲ့တဲ့ ကတိတွေကျတော့ တန်ဖိုးမထားဘဲနဲ့ သူတို့အနေနဲ့ လုပ်နေတာဟာ သဘာဝမကျဘူးလို့ ကျွန်တော်တို့အနေနဲ့ မြင်တယ်။ ကတိကဝတ်တွေ ဖော်ဆောင်ပေးခြင်း မရှိဘဲနဲ့ ကျွန်တော်တို့ကြားထဲမှာ ရင်ကြားစေ့ရေး မဟုတ်ဘဲနဲ့ ပိုပြီးတော့ ရင်ဘတ်တွေ ပိုကွဲထွက်စေမယ့် အနေအထားမျိုးတွေ ရှိတယ်ပေါ့ ။ အဲဒါ မဖြစ်သင့်တဲ့အရာလို့ မျှော်လင့်တယ်” ဟု နာဂ အမျိုးသားရေးရာကောင်စီဥက္ကဋ္ဌ ဦးအထောင်းမကူရီက ပြောကြားသည် ။

ယခု ထုတ်ပြန်ခဲ့သည့် စာသည် နာဂအဖွဲ့အစည်းများနှင့် နာဂ လူထုအတွင်းအတွက်သာ ထုတ်ပြန်ခြင်းဖြစ်ပြီး ဗိုလ်ချုပ်ရုပ်တုနှင့် ပတ်သက်၍ တရားဝင် ကြေညာချက် တစ်စောင်ကိုလည်း မကြာမီ နှစ်ရက် သုံးရက်အတွင်း ထုတ်ပြန်ရန် ရှိသည်ဟု ၎င်း၏ အဆိုအရ သိရသည် ။

“ အခုထုတ်တဲ့ စာက ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနဲ့ ပတ်သက်ပြီးတော့မှ ပါဝင် ပတ်သက်ခြင်း မရှိဖို့ပါ ။ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနဲ့ ပတ်သက်လို့ကလည်း ကြေညာချက် တစ်စောင်ကို နောက် နှစ်ရက် သုံးရက်အတွင်းမှာ ထွက်ဖို့ ရှိပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ နာဂအဖွဲ့အစည်းတွေ ကြားထဲ မှာ ဆွေးနွေးမှုတွေ ရှိနေပါတယ်။ ဘာလဲဆိုတော့ နာဂအဖွဲ့အစည်းတွေ ကိုယ်၌က အစမသိတာ။ စလုပ်တဲ့ အချိန်မှာ နာဂအဖွဲ့အစည်းတွေကို တိုင်ပင်ပြီး လုပ်မယ်ဆိုရင် လုပ်ငန်းစဉ် (Process) ကို သိနေရမယ်။ ကျွန်တော်တို့က လုပ်ငန်းစဉ်ကို မသိရဘဲနဲ့ ဗိုလ်ချုပ်ကြေးရုပ် ဘွားခနဲ ရောက်လာတော့ ဘယ်သူတွေပါလို့ ပါမှန်းမသိ။ ဘယ်သူတွေ လုပ်လို့ လုပ်နေမှန်း မသိ အဲဒါမျိုးပေါ့။ ဆိုတော့ အဲဒါကလည်း နည်းနည်း ဇဝေဇဝါ ဖြစ်စေတာပေါ့။ ပြောမယ်ဆိုရင် အစိုးရ လုပ်တယ်ဆိုရင်လည်း လုပ်ငန်းလုပ်တဲ့ နေရာမှာ သေသေချာချာ ညှိနှိုင်း တိုင်ပင်တယ်ဆိုတာ မရှိဘူး။ လုပ်ချင်တဲ့ဟာကို ဇွတ်လုပ်သွားတာချည်းပဲ။ အဲဒါတွေ မဖြစ်သင့်ဘူး။ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး ဒါတွေကို တန်ဖိုးထားတယ် ဆိုရင် ဒါတွေကို ရှေ့တန်း မတင်သင့်ဘူး။ မြန်မာနိုင်ငံ တိုးတက် ဖွံ့ဖြိုးဖို့အတွက် အမျိုးသားရင်ကြားစေ့ရေးအတွက် အလုပ်လုပ်ချင်တယ် ဆိုရင် ဒါတွေကို ရှေ့တန်းတင်ပြီးတော့ မလုပ်သင့်ဘူးလို့ မျှော်လင့်ပါတယ်။ အတင်းအဓမ္မ လုပ်နေမယ်ဆိုရင် ဒေသတွင်းမှာ မလိုလားအပ်တဲ့ ပဋိပက္ခတွေ ကျွန်တော်တို့ဆီမှာ ပြဿနာတွေက အများကြီးရှိတယ်။ ပြဿနာတွေ ထပ်တိုးအောင်တော့ မလုပ်သင့်ဘူးလို့ ကျွန်တော့်ဘက်က ပြောကြားချင်ပါတယ်”ဟု နာဂရေးရာ အမျိုးသားကောင်စီဥက္ကဋ္ဌ ဦးအထောင်းမကူရီက ပြောကြားသည် ။

ခန္တီးမြို့သို့ ရောက်ရှိလာသော ဗိုလ်ချုပ်ကြေးရုပ်မှာ ဇူလိုင် ၁၂ ရက်အထိ သင်္ဘောပေါ်တွင် ရှိနေဆဲဖြစ်ပြီး ဇူလိုင် ၁၄ ရက်တွင် သင်္ဘောပေါ်မှ ချကာ ဇူလိုင် ၁၅ ရက်တွင် ခန္တီးမြို့အတွင်း လှည့်လည်မည် ဖြစ်ကာ ဇူလိုင် ၂၁ ရက်တွင် ဖွင့်ပွဲ ပြုလုပ်မည်ဟု သိရသည်။

“သူတို့က ၇ ရက်နေ့က ထုတ်ပြန်ထားတာ။ ဗိုလ်ချုပ်ကြေးရုပ် ဖြစ်မြောက်ရေးကော်မတီထဲမှာလည်း ခန္တီးမှာတော့ အထူးသဖြင့် ရိုးရာယဉ်ကျေးမှုဘက်က နာယကတွေပါ ထည့်ထားတာလေ။ ထည့်ထားတဲ့ အခါကျတော့ ကျွန်တော် နားမလည်တဲ့အပိုင်းက ဗဟိုယဉ်ကျေးမှု အဖွဲ့တွေကလည်း ကျွန်တော်တို့ ကော်မတီထဲမှာ ပါတယ်။ ..... ကျွန်တော်တို့ကတော့ ပါတီအနေနဲ့သော် လည်းကောင်း အစိုးရအနေနဲ့ ဦးဆောင်ပြီး လုပ်တာ မဟုတ်တဲ့အတွက် တိုင်းရင်းသား တစ်ယောက်အနေနဲ့ ဗိုလ်ချုပ်ကို တန်ဖိုးထားတဲ့အနေနဲ့ ကိုယ့်ဝတ်စုံလေးတွေနဲ့ တက်မယ်။ နောက်ပြီးတော့ အားလုံးကလည်း ပါတီက ကျန်တဲ့ ပါတီကလည်း ကိုယ့်ဝတ်စုံနဲ့ကိုယ်တက်ဖို့။ ကျွန်တော်တို့တတွေကတော့ ကိုယ်စားလှယ် သုံးယောက် က ရှမ်းရယ်၊ နာဂရယ်၊ ဗမာရယ် သုံးယောက် ရှိတော့ ကိုယ့်ဝတ်စုံနဲ့ ကိုယ်တက်ဖို့ ညှိထားပြီးပြီ။ ကျွန်တော်တို့က အရင်ကတည်းက ရင်ထဲမှာ ရှိပါတယ်။ ဒါပေမဲ့ ထပ်ဆင့်ပြီး ဗဟိုယဉ်ကျေးမှု နာယကတွေကလည်း ထပ်ဆင့်ပြီးတော့တောင် မှာလိုက်သေး။ တတ်နိုင်ရင် ကိုယ့်ရိုးရာယဉ်ကျေးမှု ဝတ်စုံလေးတွေနဲ့ တက်ရောက်ဖို့ပေါ့။ ဖဲကြိုးဖြတ် ဖွင့်မယ့် အခမ်းအနားထဲ ပါခဲ့ရင်လည်း ရိုးရာဝတ်စုံလေးတွေနဲ့ တက်ဖို့ မှာသွားတာ။ နာဂရိုးရာယဉ်ကျေးမှုကော်မတီ နာယကတွေက မှာသွားတာ” ဟု နာဂ တိုင်းရင်းသားတစ်ဦး ဖြစ်သည့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တေးက ပြောကြားသည်။

Most Read

Most Recent