ကြားဖြတ်ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသည့် တစ်သီးပုဂ္ဂလခုနစ်ဦး အပါအဝင် နိုင်ငံရေးပါတီ ၂၄ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၉ ဦးရှိ

ကြားဖြတ်ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသည့် တစ်သီးပုဂ္ဂလခုနစ်ဦး အပါအဝင် နိုင်ငံရေးပါတီ ၂၄ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၉ ဦးရှိ
Published 13 July 2018

ကြားဖြတ်ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသည့် တစ်သီးပုဂ္ဂလခုနစ်ဦး အပါအဝင် နိုင်ငံရေးပါတီ ၂၄ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၉ ဦးရှိကြောင်း ပြည်ထောင်စုရွေးကော်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ဇူလိုင် ၁၂ ရက်က ပြောကြားသည်။

လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်းကို ဇူလိုင် ၂ ရက်မှ စတင်ကာ ဇူလိုင် ၁၁ ရက်အထိ တင်သွင်းနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့သည်။

“နောက်ဆုံး ကိုယ်စားလှယ်လောင်း ၆၉ ယောက်ရှိတယ်။ ပါတီက ၂၄ ပါတီပေါ့။ ၆၉ ယောက်ထဲမှာ တစ်သီးပုဂ္ဂလက ခုနစ်ယောက်ပါတယ်။ ပါတီ ၂၄ ပါတီက ၆၂ ယောက်ပေါ့။ အကုန်လုံး ၆၉ ယောက်” ဟု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်၊ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောကြားသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် လက်ရှိ အာဏာရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက မဲဆန္ဒနယ်အားလုံးကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ကြေညာထားပြီး ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၃ ဦးကိုလည်း အမည်စာရင်း တင်သွင်းထားကြောင်း သိရသည်။

အတိုက်အခံပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သော်လည်း ပြည်နယ်များရှိ လွှတ်တော်ကိုယ်စားလှယ် လစ်လပ်မဲဆန္ဒနယ်တချို့ကို ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း ပြောကြားထားပြီး လစ်လပ်မဲဆန္ဒနယ် (၁၀) နေရာအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၀ ဦး အမည်စာရင်း တင်သွင်းထားကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာ ၃ ရက်တွင် လစ်လပ်မဲဆန္ဒနယ် (၁၃) နေရာ၌ ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။

ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် လစ်လပ်ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များမှာ ကန်ပက်လက်၊ လဲချား၊ တာမွေ၊ မြင်းခြံတို့ဖြစ်ပြီး လစ်လပ်အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မှာ ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒ အမှတ်(၂) (အကျုံးဝင်သော မြို့နယ် မြစ်ကြီးနား) ဖြစ်သည်။

ထို့အတူ လစ်လပ်တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များမှာ မတူပီ၊ တမူး၊ အုတ်တွင်း၊ သပိတ်ကျင်း၊ ရသေ့တောင်၊ မင်းဘူး၊ ဆိပ်ကမ်းနှင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ရှမ်းတိုင်းရင်းသားလူမျိုးမဲ ဆန္ဒနယ်တို့ဖြစ်သည်။

လက်ရှိတွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် လစ်လပ်မဲဆန္ဒနယ်(၁၃)နေရာရှိ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲရုံးများ၌ မဲဆန္ဒရှင်အမည်စာရင်းများကို ဇူလိုင် ၉ ရက်မှ စတင်ကာ ဇူလိုင် ၂၂ ရက်အထိ ကပ်ထားပြီး ကြေညာမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။

Most Read

Most Recent