နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် NCA မထိုးရသေးသည့် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တွေ့ဆုံဆွေးနွေး

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် NCA မထိုးရသေးသည့် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တွေ့ဆုံဆွေးနွေး
Published 13 July 2018

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် NCA မထိုးရသေးသည့် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဇူလိုင် ၁၂ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့အနက် “ဝ” အဖွဲ့ (UWSP/UWSA)၊ ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (KIO/KIA)၊ မိုင်းလားအဖွဲ့ (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) လေးဖွဲ့ဖြင့်လည်းကောင်း၊ တအန်းလက်နက်ကိုင်အဖွဲ့ (TNLA)၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) သုံးဖွဲ့ဖြင့်လည်းကောင်း သီးခြားစီနေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနတွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

“တွေ့တဲ့အခါကျတော့ အဓိကအားဖြင့် ဆွေးနွေးတာကတော့ လေးဖွဲ့လုံးနဲ့ကော၊ သုံးဖွဲ့လုံးနဲ့ကော ဆွေးနွေးတာကတော့ NCA ရေးထိုးပြီးတော့ ကျွန်တော်တို့ရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံမှာ ပါဝင်လာရေးကို ဆွေးနွေးကြပါတယ်။ ဆွေးနွေးတော့ အဓိကအားဖြင့် AA၊ TNLA၊ MNDAA သုံးဖွဲ့ကို ပြန်ကြည့်ရင် ကျွန်တော်တို့ NCCT ပေါ့နော်။ အဲဒီ NCA ဆွေးနွေးစဉ်က နောက်ပိုင်းမှာ ဒီသုံးဖွဲ့က တိုက်ပွဲတွေ ဖြစ်လာပြီးတော့ လောက်ကိုင်ကို ဝင်တိုက်ပြီးတော့ အဲဒီမှာ တိုက်ပွဲတွေဖြစ်ပြီးတော့ ကျန်ခဲ့တဲ့အဖွဲ့တွေ ဖြစ်တယ်။ သူတို့ရဲ့ သဘောထားက အရင်ကတည်းက NCA မှာ ပါဝင်ဖို့ ဆောင်ရွက်ခဲ့တယ်။ နောက်ကျန်ခဲ့တဲ့ အကျိုးဆက်အဖြစ် အခုတိုက်ပွဲတွေဖြစ်နေတယ်။ သူတို့ကတော့ NCA မှာ ပါဝင်ဖို့ အရင်ကတည်းက ဆန္ဒရှိတယ်ဆိုတာကိုလည်း သူတို့ပြောတယ်။ နောက်ပိုင်းမှာလည်း ဒီသုံးဖွဲ့ ပါဝင်နိုင်ရေးကိုလည်း ဆက်လက်ပြီးတော့ ဒီညီလာခံ တတိယအစည်းအဝေးအပြီးမှာ ဆက်လက်ညှိနှိုင်းသွားပါတယ်။ နောက်လေးဖွဲ့နဲ့ တွေ့တဲ့အခါကျတော့ အဓိကကတော့ ဦးတည်ဆွေးနွေးတာကတော့ NCA ရေးထိုးရေးပေါ့နော်။ NCA လက်မှတ်ရေးထိုးရေးနဲ့ ပတ်သက်လို့ ဆွေးနွေးတယ်။ နောက်တစ်ချက်က မနေ့က ညီလာခံ ဖွင့်ပွဲအခမ်းအနားမှာ အတိုင်ပင်ခံပုဂ္ဂိုလ်က ၂၀၁၉ ရည်မှန်းချက်တွေ ပြောတယ်။ နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၂၀၂၀ ရည်မှန်းချက်တွေ ပြောခဲ့တယ်ပေါ့။ ပြောတဲ့အပေါ်မှာ သူတို့ရဲ့ ပြောလာတဲ့ဟာက ဘာတစ်ချက်လဲဆိုတော့ ဒီလိုမျိုး Target Date တွေ ပေးလိုက်ခြင်းအားဖြင့် ဒါကို တွန်းလုပ်၊ တွန်းအားပေးပြီး အလေးပေးပြီးလုပ်မယ်ဆိုတဲ့ သဘောပေါ့။ သို့သော် တစ်ဖက်မှာလည်း ဒီ Target Date အတိုင်း ဝင်မလာရင် ဘာဖြစ်မလဲဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ရှိတယ်ပေါ့နော်” ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

ထိုသို့ Time Frame နှင့် Target Date ထားခြင်းကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြန်လည်ရှင်းပြခဲ့ကြောင်း၊ ရည်မှန်းချက်မထားဘဲ ဆောင်ရွက်သည့်အခါ နှစ်ရှည်လများ အီလေးဆွဲကာ အချိန်ဆွဲချင်သူများနှင့် အခြားအကျိုးစီးပွားကိစ္စများကြောင့် စိတ်အားထက်သန်မှု မရှိသူများ ရှိလာနိုင်သဖြင့် သတ်မှတ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“အဲဒီအတိုင်းဖြစ်လာရင်ရောဆိုပြီး မေးစရာ ရှိတာပေါ့နော်။ ဒါကတော့ အားလုံးက ဝိုင်းဝန်းပြီးတော့ ဆောင်ရွက်ရမယ်။ အစိုးရတစ်ဖွဲ့တည်းပဲ ဆောင်ရွက်လို့မရဘူး။ ပါဝင်နေတဲ့ အစုအဖွဲ့အားလုံးကလည်း ဝိုင်းကြိုးပမ်းမှရမယ်။ ၂၀၁၉ Target Date ကို မီချင်တယ်ဆိုရင်။ အားလုံးက တူတူညီညီနဲ့ Target ထားလိုက်ပြီးဆိုရင် အားလုံးက ဒီအပေါ်မှာ သံန္နိဋ္ဌာန်လေးနဲ့ လုပ်မယ်ဆိုတဲ့ဟာလေးကို တိုက်တွန်းတာလို့ စိုးရိမ်မှုမရှိဖို့ ပြောတာပေါ့နော်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

အစိုးရက အကောင်အထည်ဖော်နေသည့် NCA ထိုးရေး မထိုးရေးပြောရန် စောနေသေးပြီး ဆွေးနွေးပြီးသည့် နောက်ပိုင်းတွင် ဆုံးဖြတ်သွားမည်ဟု ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (KIO/KIA) မှ ဗိုလ်ချုပ် ဂွန်မော်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံအပြီး မီဒီယာများအား ပြောကြားသည်။

“အခုအချိန်မှာ ထိုးဖို့ မထိုးဖို့ဆိုတာ ပြောဖို့စောပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ဆွေးနွေးပြီးတဲ့နောက်ပိုင်းမှာ ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဂွန်မော်က ဆိုသည်။

တွေ့ဆုံမှုတွင် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) က ယခင်တင်ပြထားသော စာတမ်းအပေါ် ဆက်လက်ဆွေးနွေးလိုကြောင်း ပြောကြားခဲ့ပြီး “ဝ” အဖွဲ့၏ အဖွဲ့ခေါင်းဆောင် ဦးကျောက်ကော်အမ်းကလည်း NCA အပေါ်ထားရှိသည့် သဘောထားများကို ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြခဲ့သည်ဟု ၎င်းက ပြောကြားသည်။

Most Read

Most Recent