<

မြောင်းမြမြို့တွင် လွှတ်တော်ကိုယ်စားလှယ်များ နယ်မြေကွင်းဆင်းရာတွင် ကျောင်းသားများ စောင့်ဆိုင်းကြိုဆိုနေသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ Facebook ၌ ဝေဖန်ခဲ့သည့် ပြည်သူတစ်ဦးအား လွှတ်တော်ကိုယ်စားလှယ်များရုံးအဖွဲ့ဝင်က ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်

မြောင်းမြမြို့တွင် လွှတ်တော်ကိုယ်စားလှယ်များ နယ်မြေကွင်းဆင်းရာတွင် ကျောင်းသားများ စောင့်ဆိုင်းကြိုဆိုနေသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ကျောင်းသားကျောင်းသူတွေ အခုထိ အသုံးချခံနေရပဲလား၊ ခေတ်အဆက်ဆက် လူကြီးတွေ လာတိုင်းလက်လေးပိုက်ပြီး ဦးခိုက်နေရတုန်းပဲလား ပြောင်းလဲခြင်းလား မပြောင်းလဲခြင်းလားဟု စာသားများပါဝင်သည့် ဝေဖန်ပြောကြားချက်တစ်ခုအား Facebook ပေါ်တွင် ရေးသားခဲ့သည့် ပြည်သူတစ်ဦးအား မြောင်းမြမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ ရုံးအဖွဲ့ဝင်မှ လွှတ်တော်ကိုယ်စားလှယ်များအား အကြည်ညိုပျက်စေရန် ရေးသားခဲ့သည်ဟုဆိုကာ ဇူလိုင် ၁၁ ရက် ညနေ ၅ နာရီခန့်တွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် တိုင်ကြားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၁၀ ရက်တွင် မြောင်းမြမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဖြစ်ကြသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမန်းထွန်းကြိုင်၊ မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီးကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦး၊ လွှတ်တော်ကိုယ်စားလှယ်များရုံးအဖွဲ့မှူး ဦးဝင်းမြင့်နှင့် ရုံးအဖွဲ့ဝင် ဦးအောင်ကိုလတ်တို့မှာမဲ ဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံရန် ငါးမြင်းချောင်းကျေးရွာအုပ်စု ကွင်းကလေးကျေးရွာသို့ သွားရောက်ခဲ့ကြောင်း၊ ယင်းသို့သွားရောက်ခဲ့ရာတွင် ကျောင်းသားကျောင်းသူများက စောင့်ဆိုင်းကြိုဆိုခဲ့ကြောင်း၊ ယင်းသို့ ကြိုဆိုနေသည့် ဓာတ်ပုံများနှင့် အခြားသော မှတ်တမ်းဓာတ်ပုံများကို လွှတ်တော်ကိုယ်စားလှယ်များရုံးအဖွဲ့ဝင် ဦးပြုံး (ခ) ဦးပြူးက ၎င်း၏ Facebook အကောင့်ဖြစ်သည့် Sat Ka ဆိုသည့်အကောင့်မှ Post တင်ခဲ့ကြောင်း၊ ၎င်းပုံများတင်ပြီး တစ်နာရီခန့်အကြာတွင် ကိုကောင်းထက်ဇင်ဆိုသူက ၎င်း၏ Facebook အကောင့်ဖြစ်သည့် Kaung Htet Linn အမည်ရှိ အကောင့်မှ လွှတ်တော်ကိုယ်စားလှယ်အား ကျောင်းသားကျောင်းသူများ ကြိုဆိုနေသည့်ပုံအား ကူးယူ၍ လွှတ်တော်ကိုယ်စားလှယ်များနှင့် ရုံးအဖွဲ့မျက်နှာများအား စတစ်ကာဖြင့်အုပ်ကာ “ကျောင်းသား ကျောင်းသူတွေက အခုထိအသုံးချခံနေရပဲလား..ခေတ်အဆက်ဆက် လူကြီးတွေလာတိုင်း လက်ကလေးပိုက်ပြီး ဦးခိုက်နေရတုန်းပဲလား…ပြောင်းလဲခြင်းလား..မပြောင်းလဲခြင်းလား ကိုယ်မျက်နှာလို အားရလုပ်ချင်တာနဲ့ ကလေးတွေ စိတ်ဓာတ်ကိုရိုက်ချိုးပြီး စာသင်ချိန်တွေကို လုပ်ချင်တိုင်းလုပ်လို့ရသတဲ့လား၊ အခြေခံနိုင်ရေးအသိတွေ ဘယ်မှာတုံး၊ ဘယ်ရောက်ကုန်တုံး ဘယ်မလဲသိမှု၊ ဘယ်မလဲတတ်မှု၊ ဘယ်မလဲ ကျိုးကြောင်းဆင်ခြင်နိုင်မှု။ ဘယ်မလဲ..ဘယ်မလဲဘယ်မလဲ.. ပြုံးပြုံး ပြုံးပြုံးနဲ့ နေရင်တော့ ပြုံးပြုံး ပြုံးပြုံးနဲ့ပဲ ဇာတ်သိမ်းရမှာပဲ..။ Lower Creature တွေလောက် အသိဥာဏ်ထည့်မပေါ့။ အငိုနဲ့စပြီး အငိုနဲ့ဆုံးတဲ့ ဘ၀များအတွက် စဉ်းစားပေးကြပါဦး။ မပြောဘူး မပြောဘူးနေတာကလေးတွေကို လုပ်ရင်တော့ ပြောရတော့မှာပဲ။ သူများလုပ်လို့ ကိုယ်လုပ်ပေးရတာဆိုရင် သူများ ခ-ီးစားဆို စားမလား” ဟု ရေးသားကာ Post တင်ခဲ့ကြောင်း၊ ယင်းသို့ရေးသားခဲ့မှုများမှာ ပြည်သူလူထုက လွှတ်တော်ကိုယ်စားလှယ်များကို အထင်အမြင်လွဲမှားအောင် ရေးသားခဲ့ခြင်းဖြစ်သောကြောင့်ဟုဆိုကာ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦးက ကိုကောင်းထက်ဇင်အား Facebook Mesenger မှတစ်ဆင့် တင်ထားသည့် Post အား ဖျက်ပေးရန် ပြောကြားခဲ့ကြောင်း၊ ကိုကောင်းထက်ဇင်ကလည်း ဖျက်ပေးမည်ဟု ပြန်လည်ပြောကြားခဲ့သော်လည်း ဇူလိုင် ၁၁ ရက် ညနေပိုင်းအထိ Post အား ဖျက်ပေးခြင်းမရှိသောကြောင့် ကိုကောင်းထက်ဇင်မှာ လွှတ်တော်ကိုယ်စားလှယ်များအား ပြည်သူများက အထင်အမြင် လွဲမှားစေရန် ရေးသားခဲ့သည်ဟုဆိုကာ လွှတ်တော်ကိုယ်စားလှယ်များ ရုံးအဖွဲ့ဝင် ဦးပြုံး(ခ) ဦးပြူးက အမှုဖွင့် တိုင်ကြားခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တင်ထားတဲ့ပုံကို ယူပြီးတော့ သူကတင်တာမို့ သူဖျက်ပေးဖို့ နောက်ဆုံးအချိန်အထိ စောင့်ဆိုင်းပါတယ်။ အခုအမှုဖွင့်တာဟာ ကျွန်တော်တစ်ယောက်တည်းကနေ ဖွင့်တာမဟုတ်ပါဘူး။ လွှတ်တော်ကိုယ်စားလှယ်များရော ကိုယ်စားလှယ်များရုံးအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ပါ အမှုဖွင့် တိုင်ကြားတာပါ” ဟု အမှုဖွင့်တိုင်ကြားခဲ့သူ ဦးပြုံး (ခ) ဦးပြူးက ပြောကြားသည်။

စွပ်စွဲခံရသူ ကိုကောင်းထက်ဇင်၏ ဖခင်မှာ မြောင်းမြမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မြို့နယ်သတင်းပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူမှာ ဧရာဝတီဒေသကြီး ကော်မတီဝင်တစ်ဦးလည်းဖြစ်ကြောင်း၊ ကိုကောင်းထက်ဇင်မှာ အောင်နိုင်ရေးကာလများတွင် မြောင်းမြမြို့နယ် အောင်နိုင်ရေးရုံးတွင် နေထိုင်ကာ အောင်နိုင်ရေးကိစ္စရပ်များအား ဆောင်ရွက်ပေးခဲ့သူတစ်ဦးဖြစ်ကြောင်း သိရသည်။

အမှုဖွင့်လှစ် တိုင်ကြားခံရမှုနှင့် ပတ်သက်၍ ကိုကောင်းထက်ဇင်အား ဆက်သွယ်မေးမြန်းရာတွင် “အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျွန်တော့်ဘက်က လိပ်ပြာသန့်ပါတယ်။ ဟိုအရင် စစ်အစိုးရလက်ထက်ကတည်းက လူကြီးတွေ ရွာတွေကိုလာရင် ကလေးတွေ ခေါင်းငုံ့လက်ပိုက်ပြီး ကြိုဆိုကြတာဟာ ကလေးတွေရဲ့ စိတ်ဓာတ်ကို ရိုက်ချိုးသလိုခံစားရတယ်။ ကလေးတွေဟာ စာသင်ချိန်မှာ စာသင်ကျောင်းထဲမှာပဲ ရှိသင့်တယ်။ ဒီလိုမျိုးတွေကို မကြိုက်လို့ ကျွန်တော်တို့က အခုအစိုးရကို ပခုံးထမ်းတင်ပေးခဲ့တာ။ အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျွန်တော်က စိတ်သန့်ပါတယ်” ဟု ဆိုသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မြောင်းမြမြို့မရဲစခန်းက (ပ) ၁၀၂၀/၂၀၁၈ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်လှစ် စစ်ဆေး ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

July 12, 2018














Copy Protected by Chetan's WP-Copyprotect.