<

ဧရာဝတီမြစ်ရေ စစ်ကိုင်းမြို့၏ စိုးရိမ်ရေအမှတ်အောက် ၁၀၃၄ စင်တီမီတာသို့ ရောက်ရှိနေပြီး မြို့အနိမ့်ပိုင်းရပ်ကွက်များတွင် ရေ၀င်နစ်မြုပ်မှုများ ဖြစ်ပွား

ဧရာဝတီမြစ်ရေ စစ်ကိုင်းမြို့၏ စိုးရိမ်ရေအမှတ်အောက် ၁၀၃၄ စင်တီမီတာသို့ ရောက်ရှိနေပြီး စစ်ကိုင်းမြို့ပေါ် အနိမ့်ပိုင်း ရပ်ကွက်များဖြစ်သော ဧမြ၀တီ၊ ထုံးဘို၊ သောတပန်၊ တကောင်းစသည့် ရပ်ကွက်များတွင် ဧရာဝတီမြစ်ရေ စတင်ဝင်ရောက်ကာ နေအိမ်များ၊ လမ်းများတွင် မြစ်ရေနစ်မြုပ်ကာ သွားလာရေး အခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရသည်။

“စင်္ကြံချောင်းထဲ ဧရာဝတီမြစ် ရေစိမ့်ဝင်မှုကြောင့် ကျွန်တော်တို့အိမ်တွေ ရေ၀င်နစ်မြုပ်နေပါတယ်။ ချောင်းထိပ်ရှိတဲ့ ရေထိန်းတံခါးကနေ မြစ်ရေတွေကို မြစ်ထဲစုပ်ထုတ်ပေးစေချင်ပါတယ်။ တာဝန်ရှိသူတွေက မိုးရွာမှ စုပ်ထုတ်ပေးမယ် ပြောပါတယ်။ မိုးရွာမှဆို ကျွန်တော်တို့အိမ်တွေ အကုန်မြုပ်ပြီပေါ့။ ခုကို ရေကဒူးထိရောက်နေပြီ။ ရေတွေစုပ်ထုတ်လိုက်မှ သွားလာရေး အဆင်ပြေမယ်။ တချို့အိမ်တွေဆို ကျန်းမာရေးမကောင်းတဲ့ လူတွေရှိနေတယ်။ ကျောင်းသားကျောင်းသူတွေ အတွက်လည်း အန္တရာယ်များလို့ ရေစုပ်စက်နဲ့ မြစ်ရေတွေကို ထုတ်ပေးစေချင်ပါတယ်” ဟု တကောင်းရပ်ကွက်တွင် နေထိုင်သူ ကိုမျိုးဝင်းအောင်က ပြောကြားသည်။

နှစ်စဉ် ဧရာဝတီမြစ် ရေမြင့်တက်မှုကြောင့် စစ်ကိုင်းမြို့ အနိမ့်ပိုင်းရပ်ကွက်များတွင် မြစ်ရေ၀င်ရောက် နစ်မြုပ်မှုများဖြစ်ပွားကာ အဆိုပါ ရပ်ကွက်များရှိ အိမ်ထောင်စုများမှာ ရေဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့နေရပြီး သွားလာနေထိုင် စားသောက်မှု အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည်။

“မြစ်ရေက တစ်နေ့ထက်တစ်နေ့ တက်နေတယ်။ ရပ်ကွက်အောက်ပိုင်းနေတဲ့သူတွေတော့ အစေခံခံတပ်နားရှေ့လမ်းပေါ် ရွှေ့ပြောင်းနေကြတယ်။ ဒီအခြေအနေအတိုင်း မြစ်ရေဆက်တက်မယ်ဆို ရပ်ကွက်သုံးလမ်းစလုံး ရေနစ်မြုပ်မှာပါ” ဟု ဧမြ၀တီရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

ဧရာဝတီမြစ်ရေ စစ်ကိုင်းမြို့၏ စိုးရိမ်ရေအမှတ်သည် ၁၁၅၀ စင်တီမီတာဖြစ်ပြီး ဇွန် ၁၂ နံနက် ၆ နာရီ တိုင်းတာချက်အရ ၁၀၃၄ စင်တီမီတာသို့ ရောက်ရှိနေကြောင်း၊ မြစ်ရေအခြေအနေ တိုင်းတာမှုများကို နံနက် ၆ နာရီ၊ မွန်းတည့် ၁၂ နာရီနှင့် ညနေ ၆ နာရီ တစ်နေ့လျှင် သုံးကြိမ်တိုင်းတာမှုများ ပြုလုပ်နေကြောင်း စစ်ကိုင်းခရိုင် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

July 12, 2018














Copy Protected by Chetan's WP-Copyprotect.