မောင်တောမြို့ရှိ ဘင်္ဂါလီနေအိမ်တစ်လုံးမှ ကျပ်သိန်း ၁၉၀၀ နီးပါးတန်ဖိုးရှိ စိတ်ကြွဆေးပြား ၉၀၀၀၀ ကျော် ဖမ်းဆီးရမိ

မောင်တောမြို့ရှိ ဘင်္ဂါလီနေအိမ်တစ်လုံးမှ ကျပ်သိန်း ၁၉၀၀ နီးပါးတန်ဖိုးရှိ စိတ်ကြွဆေးပြား ၉၀၀၀၀ ကျော် ဖမ်းဆီးရမိ
Published 13 July 2018

မောင်တောမြို့ရှိ ဘင်္ဂါလီနေအိမ်တစ်လုံးမှ ကျပ်သိန်း ၁၉၀၀ နီးပါးတန်ဖိုးရှိ စိတ်ကြွဆေးပြား ၉၀၀၀၀ ကျော်အား ဖမ်းဆီးရမိခဲ့ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၁၁ ရက် ညနေ ၄ နာရီ မိနစ် ၄၀ တွင် သတင်းအရ မောင်တောမြို့ ရွာသစ်ကေရပ်ကွက် အလယ်ရွာနေ အီစမိုင် (၃၀ နှစ်) (ဘ)ဘာဒူ ကျပန်းလုပ်သူ၏ နေအိမ်အား မောင်တောမြို့မရဲစခန်းမှူးနှင့် အဖွဲ့က သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေရာ အိမ်ရှင်ဖြစ်သူ အီစမိုင်ကို နေအိမ်တွင် မတွေ့ရှိရဘဲ ၎င်း၏တူမဖြစ်သူ အာစ်မာအား တွေ့ရှိရပြီး နေအိမ်အတွင်းမှ အိတ်များဖြင့်ထည့်လျက် WY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား ၈၈၆၅၀ နှင့် WY/R စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၅၉၁၀၊ စုစုပေါင်း ဆေးပြား ၉၄၅၆၀၊ အလေးချိန် ၉၄၅၆ ဂရမ်ခန့်၊ စုစုပေါင်းကာလတန်ဖိုး ကျပ် ၁၈၉၁၂၀၀၀၀ ခန့်အား တွေ့ရှိသိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး မောင်တောမြို့မရဲစခန်းက မယ (ပ)၂၀/၂၀၁၈၊ မူးစိတ်ပုဒ်မ-၁၉ (က)/၂၁ ဖြင့် အမှုရေးဖွင့်ကာ ထွက်ပြေးတရားခံ အီစမိုင်အား ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇူလိုင် ၄ ရက် နံနက်ပိုင်းကလည်း ဘူးသီးတောင်မြို့နယ် ညောင်ချောင်းကျေးရွာ ရဲစခန်းအနောက်မြောက်ဘက် ရှစ်မိုင်ခန့်အကွာ မေယုမြစ်အတွင်း လုံခြုံရေးတပ်ဖွဲ့မှ မြစ်ကြောင်းစိုးမိုးရေး လှည့်ကင်းဆောင်ရွက်နေစဉ် လောင်းလှေတစ်စင်းပေါ်မှ စိတ်ကြွဆေးပြား ၁၅၉၉၀၀၀ (တန်ဖိုး ကျပ် ၃၁၉၈၀၀၀၀၀၀) ကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

Most Read

Most Recent