<

ပခုက္ကူခရိုင်အတွင်း ပြီးခဲ့သည့် ဧပြီ၊ မေ၊ ဇွန်လများတွင် ဖြစ်ပွားခဲ့သော သဘာဝဘေးကြောင့် နေအိမ် ၇၄ လုံးပျက်စီးပြီး နေအိမ် ၁၇၈ လုံး ရွှေ့ပြောင်းခဲ့ရ

ရေကြီးရေလျှံမှု လျော့ပါးစေရန် ပခုက္ကူမြို့ ရွှေချောင်း ချောင်းပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရစဉ်

ပခုက္ကူခရိုင်တွင်း မြို့နယ်ငါးခုတွင် ပြီးခဲ့သည့် ဧပြီ၊ မေ၊ ဇွန်လများတွင် ဖြစ်ပွားခဲ့သည့် သဘာဝဘေးကြောင့် နေအိမ် ၇၄ လုံး ပျက်စီးပြီး နေအိမ် ၁၇၈ လုံး ရွှေ့ပြောင်းခဲ့ရကာ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနက ကျပ်သိန်း ၈၀၀ ကျော် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီ၊ မေလများတွင် လေပြင်းတိုက်ခတ်မှုနှင့် မီးလောင်ကျွမ်းမှုဖြစ်စဉ်များကြောင့် နေအိမ် ၆၆ လုံး လုံးဝပျက်စီးခဲ့ပြီး နေအိမ် ၆၆၁ လုံးမှာ တစ်စိတ်တစ်ပိုင်း ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် နေအိမ်ထိခိုက် ဆုံးရှုံးခဲ့သူများအား ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနက ကျပ်သိန်း ၄၅၀ ကျော် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ပခုက္ကူခရိုင်တွင်း မြစ်ကမ်းနံဘေးရှိ ကျေးရွာများ၌ ဧပြီ၊ မေ၊ ဇွန်လများတွင် ကမ်းပြိုမှုနှင့် ရေကြီးရေလျှံမှုကြောင့် နေအိမ်ရှစ်လုံး မျောပါပျက်စီးခဲ့ပြီး နေအိမ် ၁၇၈ လုံး ရွှေ့ပြောင်းခဲ့ရကာ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနက ဘေးဒုက္ခကြုံတွေ့ခဲ့ရသူများ နေအိမ်တည်ဆောက်ရေးနှင့် နေအိမ်ရွှေ့ပြောင်းစရိတ် ကျပ်သိန်း ၁၅၀ ကျော် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ဦးစီးဌာနအနေနဲ့ သဘာဝဘေးသင့်ပြည်သူတွေကို သက်သာချောင်ချိဖို့ အမြဲဆောင်ရွက်နေပါတယ်။ ဘေးသင့်ပြည်သူတွေဆီကိုလည်း အချိန်နဲ့တစ်ပြေးညီ ထောက်ပံ့ကူညီရေး ဆောင်ရွက်နိုင်ဖို့ ဒေသအာဏာပိုင်တွေ လူမှုကူညီရေးအသင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ၂၀၁၈ ခုနှစ် ဧပြီ၊ မေ၊ ဇွန်မှာ သဘာဝဘေး ၅၄ ကြိမ် ဖြစ်ပွားခဲ့တယ်။ ဘေးသင့်အိမ်ထောင်စုပေါင်း ၉၁၅ စုရှိခဲ့တယ်။ ဘေးသင့်ပြည်သူ ၇၀၆၄ ဦးရှိခဲ့ပါတယ်။ ဘေးသင့်ပြည်သူတွေအတွက် ငွေ ၈၈၉၈၆၄၃၄ ကျပ် ထောက်ပံ့ကူညီခဲ့ပြီး ဖြစ်ပါတယ်” ဟု ပခုက္ကူခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဦးနေ၀င်းက ပြောကြားသည်။

ပြီးခဲ့သည့် မေ ၉ ရက်တွင် ပေါက်မြို့နယ် တံဆူးကျေးရွာ၌ မိုးကြိုးပစ်ခတ်မှုဖြစ်ပွားရာ အသက် ၅၃ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့သည့်အတွက် သေဆုံးသူမိသားစုအား ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနက ငွေကျပ်သုံးသိန်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

မြိုင်မြို့နယ်အတွင်း ကျော်ကျေးရွာ သောက်ရေကန် ရေလုံလောက်စွာ ထိန်းသိမ်းနိုင်ရေးအတွက် သောက်ရေကန် ပြုပြင်တိုးချဲ့ခြင်းသို့ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီး ဌာနက ကျပ်သိန်း ၁၇၀ ကူညီ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ပခုက္ကူခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနမှ ယခုဇူလိုင်လအတွင်း ကမ်းပြိုကျေးရွာများမှ နေအိမ်ရွှေ့ပြောင်းရသည့် ဒေသခံများအား ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးနေပြီး ရေကြီးရေလျှံချိန် ရေလွှမ်းမိုးခံရသည့် ကျေးရွာများမှ ဒေသခံများအတွက် ရေဘေးရှောင်စခန်း ငါးခုအား ယခုဇူလိုင် လလယ်တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

July 12, 2018














Copy Protected by Chetan's WP-Copyprotect.