ရွှေတိဂုံစေတီတော်သို့ လှူဒါန်းထားသည့် မြေ၊ အဆောက်အအုံနှင့် တိုက်ခန်းများ ဈေးပြိုင်တင်ဒါစနစ်ဖြင့် ရောင်းချမည့် အစီအစဉ် ရပ်ဆိုင်း

ရွှေတိဂုံစေတီတော်သို့ လှူဒါန်းထားသည့် မြေ၊ အဆောက်အအုံနှင့် တိုက်ခန်းများ ဈေးပြိုင်တင်ဒါစနစ်ဖြင့် ရောင်းချမည့် အစီအစဉ် ရပ်ဆိုင်း
Published 13 July 2018

ရွှေတိဂုံစေတီတော်သို့ လှူဒါန်းထားသည့် မြေ၊ အဆောက်အအုံနှင့် တိုက်ခန်းများ ဈေးပြိုင်တင်ဒါစနစ်ဖြင့် ရောင်းချမည့် အစီအစဉ်အား ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။

ဇွန် ၃၀ ရက် မြန်မာ့အလင်းသတင်းစာနှင့် ကြေးမုံသတင်းစာတို့တွင် ကြော်ငြာထားသည့် ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ စာချုပ်စာတမ်းဖြင့် လွှဲပြောင်းလှူဒါန်းခဲ့ပြီးဖြစ်သော မြေ၊ အဆောက်အအုံနှင့် တိုက်ခန်းများကို ဈေးပြိုင်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည့် လုပ်ငန်းကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့မှ နိုင်ငံပိုင် သတင်းစာများတွင် ထည့်သွင်းကြော်ငြာထားသည်။

“အဓိက,ကတော့ ဝေဖန်ချက်တွေ ထိုးနှက်ချက်တွေကြောင့် ဈေးပြိုင်တင်ဒါစနစ်နဲ့ ရောင်းချမယ့်ဟာကို ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်” ဟု ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ရွှေတိဂုံစေတီတော်ကြီးသို့ စာချုပ်စာတမ်းများဖြင့် လှူဒါန်းထားသည့် မြေ၊ အဆောက်အအုံနှင့် တိုက်ခန်းများ ဈေးပြိုင်တင်ဒါစနစ်ဖြင့် ရောင်းချမည့်နေရာများသည် လမ်းမတော်မြို့နယ် ၁၁ လမ်းတွင် နှစ် ထပ်တိုက်တစ်လုံး၊ လမ်းတော်မြို့နယ်၊ ၁၂ လမ်းတွင် နှစ်ထပ်တိုက်တစ်လုံး၊ လမ်းမတော်မြို့နယ်၊ လှည်းတန်းလမ်းတွင် နှစ်ထပ်တိုက်တစ်လုံး၊ လမ်းမတော်မြို့နယ်၊ ရွှေတောင်တန်းလမ်းတွင် မြေညီထပ်နှစ်ခန်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ထီးတန်းလမ်းတွင် နှစ်ထပ်တိုက်တစ်လုံး၊ လသာမြို့နယ် စဉ့်အိုးတန်းလမ်းတွင် နှစ်ထပ်တိုက်တစ်လုံး၊ စမ်းချောင်းမြို့နယ်၊ အင်္ဂပူလမ်းတွင် မြေညီထပ်တိုက်ခန်းတစ်ခန်းတို့ကို ရောင်းချရန် ဇွန် ၃၀ ရက်တွင် ကြေညာခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ ရွှေတိဂုံစေတီတော်သို့ လှူဒါန်းထားသည့် မြေ၊ အဆောက်အအုံနှင့် တိုက်ခန်းများကို ဈေးပြိုင်တင်ဒါစနစ်ဖြင့် ရောင်းချရန် ကြေညာခဲ့ပြီးနောက် လူများမှ ဝေဖန်မှုများ ပြုလုပ်သောကြောင့် တင်ဒါခေါ်ယူခြင်းကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ရွှေတိဂုံစေတီတော်တွင် ငွေရရှိမှု နည်းလမ်းနှစ်မျိုးရှိပြီး စီမံခန့်ခွဲမှုမှရရှိသည့် ကားဝင်း၊ ဆိုင်ခန်းများနှင့် နိုင်ငံခြားသားခရီးသွားများထံမှ ကောက်ခံရရှိသည့်ငွေများကို ဝန်ထမ်းလစာ၊ ထောက်ပံ့ကြေးနှင့် ခရီးစရိတ်အဖြစ် အသုံးပြုပြီး ရွှေတိဂုံစေတီတော်သို့ လှူဒါန်းထားသည့် ငွေနှင့် မြေ၊ အဆောက်အအုံ၊ တိုက်ခန်းများ ရောင်းချရသည့်ငွေများကို ဘုရားကြီး၏ ဝေယျာဝစ္စတွင် ပြန်လည်အသုံးပြုကြောင်း သိရသည်။

Most Read

Most Recent