ဘင်္ဂါလီ အစွန်းရောက်အကြမ်းဖက်သမားများက လုံခြုံရေးရဲကင်း၊ ရဲစခန်းများနှင့် နယ်မြေခံတပ်ဌာနချုပ်တို့အား အင်အားအလုံးအရင်းဖြင့် တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တပ်မတော်မှ စစ်သည်တစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၁၀ ဦး ကျဆုံးခဲ့ကာ အပြန်အလှန်တိုက်ခိုက်မှုများ လက်ရှိအချိန်ထိ ဖြစ်ပွားနေကြာင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ထုတ်ပြန်

ဘင်္ဂါလီ အစွန်းရောက်အကြမ်းဖက်သမားများက လုံခြုံရေးရဲကင်း၊ ရဲစခန်းများနှင့် နယ်မြေခံတပ်ဌာနချုပ်တို့အား အင်အားအလုံးအရင်းဖြင့် တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တပ်မတော်မှ စစ်သည်တစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၁၀ ဦး ကျဆုံးခဲ့ကာ အပြန်အလှန်တိုက်ခိုက်မှုများ လက်ရှိအချိန်ထိ ဖြစ်ပွားနေကြာင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ထုတ်ပြန်
Published 25 August 2017

Photo: တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ဘင်္ဂါလီ အစွန်းရောက်အကြမ်းဖက်သမားများက လုံခြုံရေးရဲကင်း၊ ရဲစခန်းများနှင့် နယ်မြေခံတပ်ဌာနချုပ်တို့အား အင်အားအလုံးအရင်းဖြင့် တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တပ်မတော်မှ စစ်သည် တစ်ဦး ရဲတပ်ဖွဲ့ဝင် ၁၀ ဦး ကျဆုံးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သြဂုတ် ၂၅ ရက် (ယနေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်) က သတင်းထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ပဒင်းခေါင်းတကာကျေးရွာရှိ ရဲစခန်းတစ်ခုအား ယနေ့ နံနက် အစောပိုင်း ၁ နာရီတွင် ဘင်္ဂါလီ အစွန်းရောက်အကြမ်းဖက်သမားများက လက်လုပ်မိုင်းများဖောက်ခွဲကာ လက်နက်ငယ် များဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး ဘူးသီးတောင်နှင့် မောင်တောနယ်မြေအတွင်းရှိ လုံခြုံရေးဆောင်ရွက်နေသည့် ရဲကင်းစခန်း ၁၉ ခုကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း တုတ်၊ ဓားကိုင်ဆောင်ထား သော အင်အားများဖြင့် တိုက်ခိုက်ခြင်းနှင့် တံတားများမိုင်းဖောက်ခွဲဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါဖြစ်စဉ်များမှာ ယနေ့ နံနက် ၁ နာရီ ၂၀ မိနစ်ခန့်တွင် ပညောင်ပင်ကြီးနှင့် သရေကုန်းဘောင်ကျေးရွာအကြားတွင် မိုင်း တစ်လုံး ပေါက်ကွဲခဲ့ပြီး နံနက် ၃ နာရီ ၂၅ မိနစ်တွင် ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမားများက လောင်းဒုံ၊ နံ့သာတောင်၊ နံ့သာတောင်ချောင်းဝ၊ ကွမ်းသီးပင်ချောင်းဝ၊ နတ်ချောင်းနှင့် သီဟို၌ရဲကင်းစခန်းများအား လည်းကောင်း၊ နံနက် ၄ နာရီတွင်လည်း ကညင်တန်းကျေးရွာအထွက်၌ ဆွဲမိုင်း တစ်လုံး ဖောက်ခွဲပြီး ဘူးသီးတောင်မြို့နယ်၊ ဖောင်တော်ပြင်ရဲကင်းစခန်းအား လည်းကောင်း၊ ဇင်ပိုင်ညာ၊ တမန်းသား၊ ဇီးပင်ချောင်းဝ၊ မီးတိုက်၊ သင်္ဘောကွေ့၊ မြင်းလွတ်၊ အလယ်သံ ကျော်၊ သဝင်ချောင်း၊ ဥဒေါင်းတံကား၊ ပညောင်ပင်ကြီးနှင့် ကျီးကျွန်းရဲကင်းစခန်းများအား လည်းကောင်း တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းဖြစ်စဉ်များအတွင်း တပ်မတော်မှ စစ်သည် တစ်ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး ကျဆုံးခဲ့ပြီး အချို့ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ရဲကင်းစခန်းများမှ လက်နက်ငယ် ၅ လက် ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမားများနောက် ပါရှိသွားကြောင်းနှင့် ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမား အလောင်း ၁၅ လောင်း ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် နံနက် ၃ နာရီခန့်တွင် ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာကျေးရွာရှိ နယ်မြေခံတပ်ဌာနချုပ်အား အင်အား ၁၅၀ ခန့်ဖြင့် နှစ်ဖွဲ့ခွဲ၍ ဝင်ရောက် တိုက်ခိုက်ရန် ကြိုးစားသော်လည်း တပ်ရင်းဌာနချုပ်ရှိ အရာရှိ၊ စစ်သည်များနှင့် ရဲမေများက ပြန်လည်ပစ်ခတ်ခဲ့၍ နံနက် ၅ နာရီခန့်တွင် အကြမ်းဖက်အဖွဲ့မှ အလောင်း ၆ လောင်းကျန်ရှိပြီး ထွက်ပြေးသွားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့အတူ ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်တွင် ရသေ့တောင်မြို့နယ်၊ ချိန်ခါလီကျေးရွာ၌ ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမားများက ၎င်းတို့၏ နေအိမ်များကို ၎င်းတို့ကိုယ်တိုင် မီးရှို့ဖျက်ဆီးပြီး ထွက်ပြေးသွားကြောင်းနှင့် ယခု သတင်းထုတ်ပြန်သည့် အချိန်အထိ ကျားခေါင်းတောင်နှင့် နတ်ချောင်း ရဲကင်းစခန်းတို့တွင် အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားလျက်ရှိပြီး တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားများကို လိုက်လံ ချေမှုန်းလျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

၂၀၁၇ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်မှ ၂၅ ရက်အထိ ပြလုပ်မည့် ကုလသမ္ဂ အထွေထွေညီလာခံကျင်းပချိန်နှင့် ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှ အပြီးသတ် အစီရင်ခံစာထုတ်ပြန်သည့်အချိန်တို့နှင့် အချိန်ကိုက် အကြမ်းဖက်တိုက်ခိုက်မှုများ ဖန်တီး ဖော်ဆောင်လာခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

Most Read

Most Recent