တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ တွေ့ဆုံ၍ NCA မထိုးရသေးသည့်အဖွဲ့များ အမြန်ဆုံး ပါဝင်ရေးထိုးနိုင်ရေး ဆွေးနွေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ တွေ့ဆုံ၍ NCA မထိုးရသေးသည့်အဖွဲ့များ အမြန်ဆုံး ပါဝင်ရေးထိုးနိုင်ရေး ဆွေးနွေး
Published 13 July 2018

တွေ့ဆုံပွဲအပြီး နှစ်ဖက်ခေါင်းဆောင်များ အမှတ်တရဓာတ်ပုံ ရိုက်ကူးနေစဉ် (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (Peace Process Steering Team PPST) မှ အဖွဲ့ဝင်များအား ဇူလိုင် ၁၂ ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိမိတို့အနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် အားလုံးပါဝင်ရမည်ဖြစ်ကြောင်း၊ ထိုသို့ လျှောက်လှမ်းနိုင်ရန်အတွက် မိမိတို့အနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို သွားမည်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်အနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ် စောင့်ရှောက်သွားရမည်ဖြစ်ကြောင်း၊ အစိုးရ၊ တပ်မတော်နှင့် ပြည်သူလူထုအားလုံး စိတ်တူကိုယ်တူဖြင့် ငြိမ်းချမ်းရေး ရရှိအောင် အကောင်းဆုံး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဦးစွာပြောကြားသည်ဟု သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (Peace Process Steering Team PPST) ဦးဆောင်အဖွဲ့မှ အဖွဲ့ဝင်များသည် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်အတွက် ဆောင်ရွက်သင့်သည့် ကိစ္စရပ်များ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား အမြန်ဆုံးပါဝင် လက်မှတ်ရေးထိုးနိုင်ရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

PPST တွင် NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ထိပ်ပိုင်းခေါင်းဆောင်များပါဝင်ပြီး PPST အဖွဲ့ ခေါင်းဆောင်မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဖြစ်သည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (အငြိမ်းစား) တို့ တက်ရောက်ခဲ့ကြသည်။

PPST အဖွဲ့ဘက်မှ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ထောမွန်၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ဘောင်ခေး၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဒုတိယဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်၊ ချင်းအမျိုးသားတပ်ဦး (CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံး၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌ ရဲဘော်သံခဲ၊ DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမိုရှေး၊ KNU/KNLA (PC) အထွေထွေအတွင်းရေးမှူးချုပ် ဒေါက်တာနော်ကပေါ်ထူး၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) ဒုတိယဥက္ကဋ္ဌ ကျာဟား KNU ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာနှင့် RCSS အဖွဲ့ အတွင်းရေးမှူး (၃) ဗိုလ်မှူးကြီး စိုင်းငင်းတို့ တက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် NCA ရေးထိုးရခြင်း မရှိသေးသည့် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့အနက် “ဝ” အဖွဲ့၊ မိုင်းလားအဖွဲ့၊ SSPP/SSA အဖွဲ့နှင့် KIO/KIA အဖွဲ့တို့အားလည်းကောင်း၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) နှင့် တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) တို့နှင့်လည်းကောင်း ဇူလိုင် ၁၁ ရက်က နေပြည်တော်တွင် သီးခြားစီလက်ခံ တွေ့ဆုံခဲ့သည်။

အဆိုပါ တွေ့ဆုံမှုများတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုမှသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးတက်လာစေရေးဆိုင်ရာ ကိစ္စရပ်များ၊ ယုံကြည်မှု တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent