တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့က ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများ ပြင်ဆင်ပြီးဖြစ်သည့်အတွက် အစိုးရနှင့် တပ်မတော်ကသာ သဘောတူပါက ၂၀၂၀ ပြည့်နှစ်မတိုင်မီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြီးပြတ်နိုင်ဟု UPDJC ဒုတိယဥက္ကဋ္ဌ ပြောကြား

တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့က ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများ ပြင်ဆင်ပြီးဖြစ်သည့်အတွက် အစိုးရနှင့် တပ်မတော်ကသာ သဘောတူပါက ၂၀၂၀ ပြည့်နှစ်မတိုင်မီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြီးပြတ်နိုင်ဟု UPDJC ဒုတိယဥက္ကဋ္ဌ ပြောကြား
Published 13 July 2018

တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့က ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာ အခြေခံမူများအားလုံး ပြင်ဆင်ထားပြီးဖြစ်သည့်အပြင် အစိုးရထံသို့လည်း တင်ပြထားပြီးဖြစ်သည့်အတွက် အဆိုပါ အခြေခံမူများကို အစိုးရနှင့် တပ်မတော်ကသာ သဘောတူပါက ၂၀၂၀ ခုနှစ်မတိုင်မီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အပြီးအပြတ် ဆောင်ရွက်နိုင်သည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း (တိုင်းရင်းသားလက်နက်ကိုင်များအစုအဖွဲ့) က ပြောကြားသည်။

နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) တွင် ဇူလိုင် ၁၂ ရက် နံနက်ပိုင်းက သတင်းမီဒီယာများ၏ မေးမြန်းမှုများနှင့်ပတ်သက်၍ ဖြေကြားရာတွင် ၎င်းက ထိုသို့ထည့်သွင်း ပြောကြားခဲ့သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ တတိယအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၉ ခုနှစ်အတွင်း ညီလာခံသုံးကြိမ် ပြုလုပ်ကာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးအတွက် အခြေခံမူများ ရရှိအောင် ကြိုးစားသွားမည်ဟု ပြောကြားခဲ့ပြီး ထိုသို့ပြောကြားမှုအတိုင်းသာ ဆောင်ရွက်နိုင်ပါက ၂၀၂၀ ခုနှစ် မတိုင်မီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြီးပြန်အောင် ဆောင်ရွက်နိုင်သည်ဟု ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောကြားသည်။

“ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက ပထမညီလာခံကတည်းက ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရာမှာ မရှိမဖြစ် လိုအပ်တဲ့ အခြေခံမူတွေကို ကျွန်တော်တို့ တင်ပြပြီးသားဖြစ်တယ်။ ပြီးခဲ့တဲ့ ညီလာခံမှာလည်း UNFC က တင်ပြပြီးသားဖြစ်တယ်။ အခုလည်း ကျွန်တော်တို့ ပြင်ဆင်ပြီးသားတွေ အများကြီးရှိတယ်။ ဒါတွေကို အစိုးရနဲ့ တပ်မတော်ဘက်က သဘောတူပေးတယ် ဆိုရင်တော့ ဘာမှကြန့်ကြာစရာအကြောင်းကို မရှိဘူးလို့ ကျွန်တော်မြင်တယ်” ဟု ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ဆိုသည်။

ထိုသို့ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက တင်ပြထားသော သဘောတူညီချက်များ ကောင်းမွန်စွာရရှိပြီး ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများအားလုံးလည်း ရရှိပါက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တော်လှန်ရေးအတွက် လုပ်ဆောင်နေသည့် NCA တွင် ပါဝင်လက်မှတ်ရေးထိုးထားခြင်း မရှိသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လာမည်ဖြစ်ကြောင်း ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောကြားသည်။

“နိုင်ငံရေးလုပ်ချင်တဲ့ ဆန္ဒပြီးတော့ တကယ်လုပ်ပါ့မယ်ဆိုတဲ့ ကြိုးစားချင်တဲ့ စိတ်ဓာတ်ကောင်းတွေ အဲဒါတွေ ရှိတယ်ဆိုရင်တော့ ကျွန်တော်တို့ မလုပ်နိုင်စရာ အကြောင်း မရှိပါဘူး” ဟု ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောကြားသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အချိန်မဆွဲဘဲ ရဲရဲဝံ့ဝံ့ လုပ်ဆောင်ကြရန်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည် လိုအပ်သည်ထက်ပိုပြီး အချိန်ကြာလာပါက ဘေးပယောဂများ၊ ဝင်ရောက်စွက်ဖက်မှုများ၊ ကြိုကိုင်ခြယ်လှယ်မှုများ ရှိလာပြီး ရရှိထားပြီးဖြစ်သည့် ယုံကြည်မှု တည်ဆောက်ထားမှုများနှင့် ခက်ခက်ခဲခဲ တည်ဆောက်ရရှိထားသော သဘောတူညီချက်များ အားနည်းသွားနိုင်ကြောင်း ငြိမ်းချမ်းရေးညီလာခံ အဖွင့်အမှာစကား ပြောကြားရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ထို့ကြောင့် အချိန်ပြည့် ညှိနှိုင်းဆွေးနွေးခြင်းများ၊ ရလဒ်ထွက်လာအောင် ဆွေးနွေးခြင်းများကို နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူလူထု၏ အကျိုးစီးပွားကို ထာဝစဉ်ရှေးရှုပြီး စိတ်စေတနာထက်သန်စွာဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းခဲ့သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားပြီး ၂၀၂၀ ပြည့်နှစ်တွင် ပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အစည်းအဝေးတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပြီးပြတ်စေရေး ဆောင်ရွက်သွားရန် အလေးထား တိုက်တွန်းကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

Most Read

Most Recent