နိုင်ငံခြားငွေလဲနှုန်း ၂၀၁၈ ခုနှစ်စံချိန်ကို ကျော်ဖြတ်ပြီး တစ်ဒေါ်လာ ကျပ် ၁၄၁၀ အထိ မြင့်တက်ကာ ပို့ကုန်ရငွေတစ်ဒေါ်လာ ၁၄၂၅ ကျပ်၊ စင်ကာပူဘဏ်စာရင်းဈေး ၁၄၂၈ ကျပ်အထိ ရောက်ရှိလာ

နိုင်ငံခြားငွေလဲနှုန်း ၂၀၁၈ ခုနှစ်စံချိန်ကို ကျော်ဖြတ်ပြီး တစ်ဒေါ်လာ ကျပ် ၁၄၁၀ အထိ မြင့်တက်ကာ ပို့ကုန်ရငွေတစ်ဒေါ်လာ ၁၄၂၅ ကျပ်၊ စင်ကာပူဘဏ်စာရင်းဈေး ၁၄၂၈ ကျပ်အထိ ရောက်ရှိလာ
Published 13 July 2018

နိုင်ငံခြားငွေလဲနှုန်း ၂၀၁၈ ခုနှစ်တွင် ဖြစ်ပေါ်ခဲသည့်စံချိန်ကို ကျော်ဖြတ်ပြီး တစ်ဒေါ်လာ ကျပ် ၁၄၁၀ အထိ မြင့်တက်ခဲ့ကာ ပို့ကုန်ရငွေတစ်ဒေါ်လာ ၁၄၂၅ ကျပ်၊ စင်ကာပူ ဘဏ်စာရင်းဈေး (Away) ၁၄၂၈ ကျပ်အထိ ရောက်ရှိလာကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

ဇူလိုင် ၁၂ ရက်တွင် ကမ္ဘာ့ဒေါ်လာဈေးသည် ဆက်လက်မြင့်တက်ခဲ့ကာ အညွှန်းကိန်း ၉၄ ပွိုင့်အထက်ရောက်ပြီး တရုတ်ယွမ်ငွေက ယခင်ရက်များထက် တန်ဖိုးဆက်ကျလာခြင်း ဖြစ်သည်။ ဇူလိုင် ၁၂ ရက် နံနက်ပိုင်းတွင် မြန်မာငွေ ၁၀၀ ကျပ်နှင့် ယွမ်ငွေလဲလှယ်နှုန်း ၀ ဒသမ ၄၇၄ ရှိပြီး တစ်ဒေါ်လာလျှင် ၆ ဒသမ ၆၉ ယွမ် ဖြစ်ပေါ်ခဲ့သည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် သမိုင်းတစ်လျှောက် အမြင့်ဆုံးငွေလဲနှုန်းထားအဖြစ် ၁၄၃၈ ကျပ်အထိ ရောက်ရှိခဲ့သည်။ ၂၀၁၈ ခုနှစ် ဇွန် ၂၈ ရက်တွင် တစ်ဒေါ်လာ ၁၄၀၇ ကျပ်ဖြင့် ၂၀၁၈ ခုနှစ်အတွင်း အမြင့်ဆုံးဈေးနှုန်းဖြစ်ပေါ်ခဲ့ပြီး ဇူလိုင် ၁၂ ရက်တွင် ကျပ် ၁၄၁၀ ဖြင့် ကျော်ဖြတ်ခဲ့ခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ် မေလမှစတင်ကာ ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း သိသိသာသာ ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းဈေးကွက်၌ ငါးလအတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ဇန်နဝါရီတွင် ၁၃၂၃-၁၃၅၄ ကျပ်၊ ဖေဖော်ဝါရီတွင် ၁၃၂၃-၁၃၃၁ ကျပ်၊ မတ်တွင် ၁၃၂၆-၁၃၃၄ ကျပ်၊ ဧပြီတွင် ၁၃၂၄-၁၃၃၂ ကျပ်၊ မေတွင် ၁၃၃၂-၁၃၅၁ ကျပ်၊ ဇွန်တွင် ၁၃၄၅-၁၄၀၇ တို့ဖြစ်ပြီး ဇွန်လတွင် ကွာဟချက် အများဆုံး ဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့်မတ်လအတွင်း အမြင့်ဆုံး ဈေးနှုန်းအဖြစ် မတ် ၂၁ ရက်တွင် ၁၃၃၄ ကျပ် ဖြစ်ပေါ်ခဲ့သော ဒေါ်လာဈေးသည် မတ် ၂၉ ရက်တွင် ၁၃၂၈ ကျပ်အထိ၊ ဧပြီလဆန်းတွင် ၁၃၂၄ ဝန်းကျင်အထိ ကျဆင်းခဲ့သည်။ ထို့နောက်ဧပြီလကုန်ပိုင်း ၂၈ ရက်တွင် ၁၃၃၁ ကျပ်၊ မေ ၂၁ ရက်တွင် ၁၃၅၁ ကျပ်အထိ မြင့်တက်ခဲ့ပြီး ဇွန် ၁၁ ရက်တွင် ၁၃၄၆ ကျပ်၊ ဇွန် ၁၅ ရက်တွင် ၁၃၅၅ ကျပ်၊ ဇွန် ၁၆ ရက်တွင် ၁၃၆၅ ကျပ်၊ ဇွန် ၂၀ ရက်တွင် ၁၃၆၈ ကျပ်၊ ဇွန် ၂၁ ရက်တွင် ၁၃၇၅ ကျပ်၊ ဇွန် ၂၆ ရက်တွင် ၁၃၈၃၊ ဇွန် ၂၇ ရက်တွင် ၁၃၉၅၊ ဇွန် ၂၈ ရက်တွင် ၁၄၀၇ ကျပ်ဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။ ဇူလိုင် ၁ ရက်တွင် ၁၃၈၄ ကျပ်အထိ ကျဆင်းခဲ့ပြီး ဇူလိုင် ၁၀ ရက်တွင် ကျပ် ၁၄၀၀၊ ဇူလိုင် ၁၁ ရက်တွင် ၁၄၀၆ ကျပ်၊ ဇူလိုင် ၁၂ ရက်တွင် ကျပ် ၁၄၁၀ အထိ မြင့်တက်ခဲ့ကာ သုံးရက်အတွင်း ၁၇ ကျပ် မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ဇူလိုင် ၁၁ ရက်တွင် သတ်မှတ်ထားသော ဗဟိုဘဏ်ရည်ညွှန်း ငွေလဲနှုန်းမှာ ၁၄၀၆ ကျပ်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းဈေးကွက်အတွင်း ဇူလိုင် ၁၂ ရက်တွင် ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၁၆၄၅ ကျပ်၊ စင်ကာပူဒေါ်လာ ၁၀၃၄ ကျပ်၊ မလေးရှားရင်းဂစ် ၃၄၆ ကျပ်၊ ထိုင်းဘတ် ၄၂ ဒသမ ၆၅ ကျပ်၊ တရုတ်ယွမ် ၂၁၁ ကျပ်၊ ဂျပန်ယန်း ၁၂ ဒသမ ၆၀ ကျပ်၊ တောင်ကိုရီးယားဝမ် ၁ ဒသမ ၃၅ ကျပ်ဖြစ်သည်။

Most Read

Most Recent