<

ကချင်ပြည်နယ် နန်းမားမြို့တွင် မူးယစ်ဆေးဝါး အကြောင်းပြု ငွေတောင်းသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီး

ကချင်ပြည်နယ် နန်းမားမြို့တွင် မူးယစ်ဆေးဝါး အကြောင်းပြု ငွေတောင်းသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ဇူလိုင် ၁၁ ရက်က ပူးပေါင်း ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဇွန် ၂၄ ရက် နေ့လယ်ပိုင်းတွင် နန်းမားကျေးရွာအုပ်စု အလယ်တောရွာနေ ဒေါ်မြနွယ်သည် နေအိမ်တွင်ရှိနေစဉ် ကချင်ကွင်းတွင် လယ်လုပ်ကိုင်နေသည့် ခင်ပွန်းဖြစ်သူ ဦးသန်းဝင်းက ဖုန်းဖြင့် ဆက်သွယ်ပြီး သူငယ်ချင်း ရောက်နေသဖြင့် ငွေငါးသိန်းယူပြီး လယ်တောသို့ လာရန် ခေါ်ဆောင်ခဲ့ကြောင်း၊ ငွေငါးသိန်းဖြင့် လယ်တောသို့ သွားရာတွင် လူနှစ်ဦးက ဦးသန်းဝင်းအား လက်ထိပ်ခတ်ထားသဖြင့် မေးမြန်းရာ ဘိန်းမိသဖြင့် ဖမ်းထားကြောင်း၊ ထောင်မကျစေလိုပါက ကျပ် ၁၀ သိန်းပေးရန် ပြောကြားခဲ့ကြောင်း၊ ၎င်းတို့မှာ မိုးညှင်းရဲများဖြစ်ပြီး အောင်ဆန်းလတ်နှင့် ပြည့်ဖြိုးအောင် တို့ဖြစ်ကြောင်း ပြောကြားသည်။ ဒေါ်မြနွယ်က ငွေငါးသိန်း ရှိကြောင်း၊ ကျန် ကျပ်ငါးသိန်းကို ဇွန် ၂၉ ရက်တွင် ပေးရန်ပြောဆိုခဲ့ကြောင်း၊ အခြားသူများကို ယခုကိစ္စပြောဆိုပါက ထောင် ၁၂ နှစ် ကျမည်ဖြစ်ကြောင်း ပြောဆိုကာ လက်ထိပ်ဖြုတ်ကာ လွှတ်ပေးခဲ့ပြီး ကျပ်ငါးသိန်း ယူသွားကြောင်း ကာယကံရှင် ထွက်ဆိုချက်များအရ သိရသည်။

ဇွန် ၂၉ ရက်တွင် ငွေတောင်းသူများက ဖုန်းဖြင့် ဆက်သွယ်သော်လည်း ငွေမရှိသဖြင့် ဒေါ်မြနွယ်က ဖုန်းမကိုင်ခဲ့ကြောင်း ၊ ဇူလိုင် ၈ ရက်နှင့် ၉ ရက်များတွင် ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်လာသဖြင့် နန်းမား အုပ်ချုပ်ရေးမှူး ဦးခင်းမောင်ဌေးထံ အကူအညီ တောင်းခံခဲ့ကြောင်း သိရသည်။

နန်းမားကျေးရွာ အုပ်ချုပ်ရေးမှူးက ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အား အကြောင်းကြား၍ ဇူလိုင် ၁၁ ရက် မွန်းလွဲ ၂ နာရီတွင် ဒေါ်မြနွယ်အား ငွေတောင်းခံသူတို့ ချိန်းဆိုသည့် နန်းမားကျေးရွာနှင့် အလယ်ကုန်းကျေးရွာ ဆက်သွယ်သည့် လမ်းကြောင်းသို့ ကျပ်သုံးသိန်းပေးကာ စေလွှတ်ခဲ့ကြောင်း၊ ကျပ်သုံးသိန်း ပေးအပ်နေစဉ် အုပ်ချုပ်ရေးမှူး နှင့်အဖွဲ့၊ ပြည်သူ့စစ်အဖွဲ့တို့မှ ပူးပေါင်း ဖမ်းဆီးကာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး တို့ကို ငွေတောင်းခံသည့် ရဲတပ်သား ပြည့်ဖြိုးအောင်အား အပ်နှံခဲ့ကြောင်း သိရသည်။

နန်းမား ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဌေးက “ဖြစ်တာက ကျွန်တော်တို့ နမ္မားမှာ ဆန္ဒပြတဲ့ ၂၄ ရက်က ဖြစ်တာ။ ဘိန်းရှူတဲ့ တောင်သူဆီမှာ ငွေတောင်းတာပေါ့။ ၁၀ သိန်းတောင်းတာ ငါးသိန်းတော့ ပေးပြီးသွားပြီ။ ငါးသိန်း ကျန်တာကို ဖုန်းနဲ့ လိုက်တောင်းတာပေါ့။ တောင်သူတွေက မရှိတာများတော့ မပေးနိုင်ဘူး။ ကြောက်တော့လည်း မပြောရဲဘူး။ မနေ့ညနေကမှ လာပြောလို့ သိရတာ။ ဖုန်းနဲ့ အကြိမ်ကြိမ်တောင်းတော့ မခံနိုင်ဘူး။ လယ်ဘဏ်တွေလည်း ဒီနေ့ထုတ်ပြီလေ။ အဲဒါ လွှတ်တော်ကိုယ်စားလှယ်တွေရော၊ ကျွန်တော်တို့ရော တိုင်ပင်ပြီး ငွေကို နံပါတ်မှတ်ပြီး ပေးနေတဲ့အခါ ဖမ်းလိုက်တာပဲ။ ငွေတောင်းတဲ့ သူတွေက နန်းမားရဲစခန်းကပဲ။ ငွေတောင်းတာ နှစ်ယောက် ဆိုပေမယ့် ရဲတပ်သား တစ်ယောက်ပဲ မိတယ်။ တစ်ယောက်က နမ္မတီးကို ပြောင်းသွားပြီ။ အခြားသူတွေဆီက ငွေတွေ ယူသွားသေးတယ်။ ဒီဘက်မှာ ဖမ်းနေတာက သုံးသူပဲ ဖမ်းနေတာ ရောင်းသူကို မဖမ်းဘူး။ ဒီလိုဆိုတော့ ရောင်းတဲ့သူတွေနဲ့ ဖမ်းတဲ့သူတွေ အပေးအယူတွေ ရှိနေတယ်လို့ ပြောရမှာပေါ့”ဟု ပြောကြားသည်။

ဇွန် ၂၀ ရက်က ကချင်ပြည်နယ် မိုးညှင်းဒေသ နန်းမားမြို့၌ မူးယစ်ရာဇာတစ်ဦးကို ဖမ်းဆီးရာတွင် အဓိက တရားခံ လွတ်မြောက်ခဲ့ပြီး ဇနီးဖြစ်သူကို သေနတ်နှင့် လက်ပစ်ဗုံးများ၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာ ၉ ရက်တွင် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နမ္မားကျေးရွာနယ်မြေ ရဲစခန်းပိုင် တောင်အင်းကျေးရွာအုပ်စု နန့်စွန်းတောင်တန်း လဆန်ရွာပျက်အနီး တောင်ခြေတွင် တရားမ၀င် လက်နက်ကိုင်ဆောင်၍ မူးယစ်ရောင်းသည့်အဖွဲ့ကို တပ်နှင့် ရဲတပ်ဖွဲ့က ၀င်စီးရာ ၂၈ ဦး ဖမ်းဆီးမိပြီး အဓိက သံသယဖြစ်သူ ထွန်းထွန်း(ခ) အောင်ဝင်းထွန်း လွတ်မြောက်သွားခဲ့သည်။ စီးနင်းမှုတွင် အဓိက တရားခံဖြစ်သူ ထွန်းထွန်း (ခ) အောင်ဝင်းထွန်းမှာ လွတ်မြောက်သွားပြီး မူးယစ်ဆေးဝါး သုံးစွဲပြီးနှင့် သုံးစွဲရန် ရောက်ရှိနေသူ ၂၈ ဦးကို သက်သေခံ ဆိုင်ကယ် ၁၀ စီး၊ အခြားသက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းမိကာ တောင်အင်းကျေးရွာရှိ ထွန်းထွန်း(ခ) အောင်ဝင်းထွန်းနေအိမ်ကို ဆက်လက် ရှာဖွေရာတွင်လည်း မတွေ့ရှိရကြောင်း သိရသည်။

July 12, 2018














Copy Protected by Chetan's WP-Copyprotect.