သာကေတမြို့နယ် ရှုခင်းသာအတွင်းလမ်း နံဘေးတွင် အသတ်ခံထားရသည့် အမျိုးသားတစ်ဦး တွေ့ရှိမှုမှ ကျူးလွန်သူကို ဘိုကလေးမြို့နယ်တွင် ဖမ်းဆီးရမိ

သာကေတမြို့နယ် ရှုခင်းသာအတွင်းလမ်း နံဘေးတွင် အသတ်ခံထားရသည့် အမျိုးသားတစ်ဦး တွေ့ရှိမှုမှ ကျူးလွန်သူကို ဘိုကလေးမြို့နယ်တွင် ဖမ်းဆီးရမိ
Published 12 July 2018

သာကေတမြို့နယ် ရှုခင်းသာအတွင်းလမ်းရှိ ရေမြောင်းတစ်ခု နံဘေးတွင် အသတ်ခံထားရသည့် အမျိုးသားတစ်ဦး အလောင်းတွေ့ရှိမှုဖြစ်စဉ်မှ ကျူးလွန်သူအား ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်တွင် ဖမ်းဆီးရမိကြောင်း ဇူလိုင် ၁၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ သာကေတမြို့နယ်၊ ၁၀/ တောင် (၁၄) ရပ်ကွက်၊ စည်ပင်ဝင်း၊ ရှုခင်းသာ အတွင်းလမ်းနံဘေးရှိ ရေမြောင်းအစပ်တွင် ဇူလိုင် ၇ ရက် နံနက် ၆ နာရီခန့်က အမျိုးသားတစ်ဦး လဲကျနေကြောင်း သိရသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများ သွားရောက် စစ်ဆေးရာ လဲကျနေသူမှာ သာကေတမြို့နယ် ၁၀/တောင် (၁၃) ရပ်ကွက်တွင် နေထိုင်သည့် ကို....(၃၉ နှစ်) ဆိုသူဖြစ်ကြောင်း သိရပြီး ၎င်းသည် ဦးခေါင်းနောက်စေ့ ပေါက်ပြဲ၊ နဖူးညိုမည်း၊ လည်ပင်းပွန်းရှ ဒဏ်ရာတို့ရရှိကာ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရ ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာ ကျူးလွန်သူမှာ သာကေတမြို့နယ် (၆) ရပ်ကွက်နေ သန်းအေး ဆိုသူဖြစ်ကြောင်း သိရပြီး ၎င်းသည် ဇနီးဖြစ်သူကို ခေါ်ဆောင်၍ ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့သို့ တိမ်းရှောင်သွားကြောင်း သိရသဖြင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ ချိတ်ဆက်ဖမ်းဆီးရာ ၎င်းကို ဇူလိုင် ၁၀ ရက် ညနေ ၅ နာရီခန့်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ် ထော်ပိုင်ကျေးရွာအုပ်စု အေးချမ်းသာယာကျေးရွာ၌ ဖမ်းဆီးရမိခဲ့သည်။

“သန်းအေးကို ဖမ်းပြီးစစ်တော့ အခင်းဖြစ်နေ့က သေဆုံးသူရယ်၊ အခြားလူနှစ်ယောက်ရယ်၊ သူတို့လေးယောက် အရက်သောက်ကြတယ်လို့ ပြောတယ်။ သောက်နေတုန်း အခြားလူနှစ်ယောက်က အရင်ပြန်သွားတယ်။ သူတို့နှစ်ယောက်ပဲ ကျန်ခဲ့တယ်ပေါ့။ နောက်တော့ သူတို့ နှစ်ယောက်လည်း အတူပြန်လာရင်း လမ်းကိုရောက်တော့ နှစ်ယောက်စလုံးကလည်း အရက်သောက်ထားပြီး မူးနေကြတော့ စရင်းနောက်ရင်းပေါ့။ အဲဒီမှာ သေဆုံးသူက သန်းအေးကို ဖက်ပြီး နမ်းဖို့ လုပ်တယ်လို့ သိရတယ်။ အဲဒီမှာ မလုပ်ဖို့ပြောတာကို ထပ်ပြီးလုပ်တော့ လက်မှာကိုင်ထားတဲ့ အရက်ပုလင်းနဲ့ ရိုက်တယ်။ ပြီးရင် ပုလင်းကွဲ နဲ့ထိုးတယ်လို့ သိရတယ်။ ထိုးပြီး လမ်းဘေးမှာ တွေ့ရတဲ့ ကျောက်ခဲနဲ့ ထပ်ထုတယ်လို့ စစ်ဆေးသိရတယ်။ သေဆုံးသူက ဒရမ်တီးတဲ့ အလုပ်လုပ်တယ်လို့ သိရတယ်။ သန်းအေးကတော့ ပန်းထိမ်လုပ်တယ်” ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ဆိုသည်။

အဆိုပါဖြစ်စဉ်မှ ကျူးလွန်သူအား သာကေတနယ်မြေရဲစခန်းက (ပ) ၄၉၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent