ဗိုလ်ချုပ်အောင်ဆန်းရုပ်တု စိုက်ထူခြင်း မပြုရန် ကန့်ကွက်စာ ဖြန့်ဝေမှုဖြင့် ကရင်နီလူငယ် လေးဦးအား နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ)၊ (ဂ) ဖြင့် ပထမအကြိမ် ရုံးတင်တရားစွဲဆိုရာ အာမခံမယူဘဲ ထောင်အချုပ်ဖြင့် တရားရင်ဆိုင်မည်ဟု သိရ

ဗိုလ်ချုပ်အောင်ဆန်းရုပ်တု စိုက်ထူခြင်း မပြုရန် ကန့်ကွက်စာ ဖြန့်ဝေမှုဖြင့် ကရင်နီလူငယ် လေးဦးအား နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ)၊ (ဂ) ဖြင့် ပထမအကြိမ် ရုံးတင်တရားစွဲဆိုရာ အာမခံမယူဘဲ ထောင်အချုပ်ဖြင့် တရားရင်ဆိုင်မည်ဟု သိရ
Published 12 July 2018

ကရင်နီ လူငယ်လေးဦးအား နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ (ဂ) ဖြင့် ပထမအကြိမ် ရုံးတင် တရားစွဲဆိုရာတွင် လာရောက် ဝန်းရံသူများကို တွေ့ရစဉ်

ကရင်နီ (ကယား) သမိုင်းအမှန်နှင့် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု စိုက်ထူခြင်း မပြုရန် ကန့်ကွက်သည့်စာများ ဖြန့်ဝေမှုဖြင့် ကရင်နီ လူငယ်လေးဦးအား ကယားပြည်နယ် ဒီးမော့ဆို တရားရုံးတွင် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ (ဂ) ဖြင့် ဇူလိုင် ၁၁ ရက်တွင် ပထမအကြိမ် ရုံးတင် တရားစွဲဆိုရာ ၎င်းတို့က အာမခံမယူဘဲ ထောင်အချုပ်ဖြင့် တရားရင်ဆိုင်ကြမည် ဖြစ်ကြောင်း သိရသည်။

“အစိုးရက တရားဥပဒေစိုးမိုးရေးကို လုပ်တာ မဟုတ်ဘူးပေါ့နော်။ တက်ကြွလှုပ်ရှားတဲ့ လူငယ်တွေကို ဖိနှိပ်တဲ့အရာလို့ပဲ ကျွန်တော်တို့မြင်တယ်။ လူငယ် ခေါင်းဆောင်ပိုင်းတွေကို ဥပဒေအမျိုးမျိုး တပ်ပြီးတော့ တရားစွဲတယ်။ နောက်ပြီးတော့ ဒီလိုမျိုး ရည်ရွယ်ချက်ရှိရှိ မြို့နယ်အလိုက်ကို ပုဒ်မတစ်ခုတည်းနဲ့ စွဲတယ်ပေါ့နော်။ ဒါဟာ လူငယ်ရဲ့လှုပ်ရှားမှုတွေကို ဖိနှိပ်တာဖြစ်တယ်။ ဒီကိစ္စလှုပ်ရှားတဲ့ နိုင်ငံသားတွေကို ဖိနှိပ်တာဖြစ်တယ်။ နိုင်ငံသားရဲ့ အခွင့်အရေးကို အစိုးရကနေ ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာ ဖြစ်တယ်။ အစိုးရရဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်မှု ဖြစ်တယ်လို့ ကျွန်တော် ပြောချင်ပါတယ်”ဟု ခွန်းဖိလစ်စိုးအောင်က ပြောကြားသည်။

တရားစွဲဆို ခံရသော ဌာနေတိုင်းရင်းသား ကယန်းနှင့် ကယော လူငယ်များဖြစ်သည့် ကိုဒီးဒီ၊ ခွန်းဖိလစ်စိုးအောင်၊ ခွန်းသောမတ်စ် နှင့် ခွန်းမျိုးလှိုင်ဝင်းတို့ဖြစ်ပြီး ခွန်းသောမတ်စ် မှလွဲ၍ ကျန်သူသုံးဦးမှာ လွိုင်ကော်မြို့နယ် တရားရုံးတွင် ပြီးခဲ့သည့် ဇူလိုင် ၅ ရက်က နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ (ဂ) ဖြင့် တရားစွဲဆိုခဲ့သော လူငယ် ၁၀ ဦး တွင် ပါဝင်သူများဖြစ်ပြီး တရား ရင်ဆိုင်နေကြသူများ ဖြစ်ကြောင်း သိရသည်။

“၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၉ ရက်မှာ ဝန်ကြီးချုပ် အယ်လ်ဖောင်းရှိုက ပြောခဲ့တယ်ပေါ့နော်။ ကျွန်တော်တို့နိုင်ငံက ဒီမိုကရေစီစစ်စစ် ရပြီလို့ပြောခဲ့တယ်။ သူပြောတဲ့ ဒီမိုကရေစီ စစ်စစ်ဆိုတာက ခရိုနီတွေအတွက်၊ အချောင်သမား လူတန်းစားတွေအတွက်ပဲ ဖြစ်တယ်။ ကျွန်တော်တို့ရဲ့ပြည်သူလူထုတွေအတွက် ဒီမိုကရေစီစစ်စစ် မဟုတ်ဘူးဆိုတာ သက်သေအထောက်အထား သာဓကတွေက ပြဋ္ဌာန်းလိုက်ပြီပေါ့”ဟု တရားစွဲ ခံထားရသော ခွန်းမျိုးလှိုင်ဝင်းက ပြောကြားသည်။

ထို့ပြင် ဇွန် ၂၆ ရက်မှစ၍ ကယားပြည်နယ်တွင် မယ်စဲ့၊ ဖားဆောင်း၊ ဖရူဆို၊ ဒီးမော့ဆို၊ ရှားတော၊ လွိုင်ကော် စသည့်မြို့နယ်များသို့ လည်းကောင်း၊ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ နှင့် ဖယ်ခုံမြို့များသို့ ဗိုလ်ချုပ်ရုပ်တု တည်ဆောက်ခြင်းကို ကန့်ကွက်ကြောင်းနှင့် ကရင်နီ သမိုင်းအမှန် ရေးသားထားသော စာများ ဖြန့်ချိခဲ့သောကြောင့် မြို့နယ်အလိုက် တရားစွဲဆိုမှုများ ပြုလုပ်မည်ဖြစ်ပြီး ဇူလိုင် ၃ ရက်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသော ဌာနေ တိုင်းရင်းသား လူငယ် ၁၆ ဦးကိုလည်း ငြိမ်းစုစီ ဥပဒေဖြင့် တရားစွဲဆိုရန် ကိုယ်ရေးအချက်များကို တာဝန်ရှိသူများက လာရောက် တောင်းဆိုခဲ့ကြောင်း သိရသည်။

“ဒီပုဒ်မက အာမခံချက်ရတဲ့ ပုဒ်မလည်း မဟုတ်ဘူး။ ကျွန်တော်တို့ ရင်ဆိုင်ပါတယ်။ သမိုင်းကိစ္စကို ကျွန်တော်တို့ ဖြန့်တယ်။ ဖြန့်တော့ အာဏာပိုင်တွေ ဒီလိုပုဒ်မတွေနဲ့ စွဲတယ်။ ကျွန်တော်ပြောချင်တာ ဘာလဲဆိုတော့ ဒီပြည်နယ်မှာရှိတဲ့ လူထုတွေ အားလုံးတွက် သမိုင်းအမှန်ကို သိခွင့်မရှိကြတော့ဘူးလား။ ဒီလိုဖိနှိပ်တဲ့အတွက် ကျွန်တော်တို့လည်း ရင်ဆိုင်ရဲတယ်။ ရင်ဆိုင်ဖို့လည်း ကျွန်တော်တို့ အခု အာမခံချက် လျှောက်လည်း မလျှောက်ဘူး။ ရင်ဆိုင်သွားမယ်။ တစ်နည်းအားဖြင့် ပြောရရင် ဒီမှာရှိတဲ့ လူငယ်တွေ အားလုံး သမိုင်းတရားခံ မဖြစ်ဖို့အတွက် ကျွန်တော်တို့ ဒီလှုပ်ရှားမှုတွေ စတင်ပြီး လုပ်ကြတယ်။ လုပ်ကြတော့ ခုလို ကြုံတွေ့ရတယ်ပေါ့။ ဆိုတော့ ဘာမှပူစရာ မလိုဘူး။ ကိုယ့်သမိုင်းအမှန်ကို ကိုယ့်လက်ထက်မှာ မသေသွားဖို့ အရေးကြီးတယ်။ သမိုင်းအမှန်ကို ဖော်ထုတ်တဲ့ လူတွေမှာ သေရိုးမျိုးမရှိဘူး။ ကျန်ခဲ့တဲ့ လူတွေလည်း ဒီသမိုင်းအမှန်ကို ဆက်လက် ဖော်ထုတ်ဖို့ အရေးကြီးတယ်။ ကိုယ့်လက်ထက်မှာ သမိုင်းအမှန် မပျောက်ဖို့ အရေးကြီးပါတယ်”ဟု ခွန်းသောမတ်စ်က ဆိုသည်။

အာမခံ မယူသဖြင့် ထောင်အချုပ်ဖြင့် တရားရင်ဆိုင်ကြမည် ဖြစ်သောကြောင့် ဒီးမော့ဆို တရားရုံးမှ လွိုင်ကော်အကျဉ်းထောင်သို့ အချုပ်ကားဖြင့် ပို့ဆောင်ရာ ဌာနေ တိုင်းရင်းသား ကရင်နီအင်အားစု လူငယ်များက လာရောက် ဝန်းရံလာကြကြောင်း သိရသည်။

တရားစွဲခံရသော လူငယ်များမှာ ကယားပြည်နယ်တွင် အာဇာနည်နေ့ ကျင်းပခွင့်ကို တားမြစ်ခြိမ်းခြောက် ခံထားရသည့် ၂၀၁၂ မှ စ၍ နှစ်စဉ် အာဇာနည်နေ့အား မပျက်မကွက် ပါဝင် လှုံ့ဆော်ခဲ့ကြသူများ ဖြစ်သည့်အပြင် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ စည်းရုံးရေး ခရီးစဉ်တွင် နေ့ညလုံခြုံရေး ယူပေးခဲ့ကြသူများလည်း ပါဝင်ကြောင်း၊ ၎င်းတို့ဌာနေတွင် NLD အား မဲပေးရန် စည်ရုံးပေးခဲ့သူများလည်း ဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်သည် ယခင်က ကရင်နီပြည်နယ်အဖြစ် သမိုင်းအစဉ်အလာအရ သီးခြားလွတ်လပ်စွာ တည်ရှိခဲ့သည်ကို ၁၈၇၅ ခုနှစ် ဇွန် ၂၁ ရက်တွင် ဗမာဘုရင် ကိုယ်စားလှယ် ကင်းဝန်မင်းကြီး ဦးကောင်းနှင့် အင်္ဂလိပ်အစိုးရဘက်မှ ဆာဒေါက်ကလပ်ဖောဆစ် တို့ လက်မှတ်ရေးထိုးခဲ့သည့် သမိုင်းမှတ်တမ်း အထင်အရှားရှိကြောင်း သိရသည်။

Most Read

Most Recent