ရခိုင်ကိစ္စတွင် ရခိုင်လူမျိုးများ၏ အသံကို ဂရုစိုက် နားထောင်ရန်နှင့် ရခိုင်တို့၏ နိုင်ငံရေးအခန်းကဏ္ဍကို မပစ်ပယ်ရန် အလွန်အရေးကြီးကြောင်း ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်အေးနုစိန် ပြောကြား

ရခိုင်ကိစ္စတွင် ရခိုင်လူမျိုးများ၏ အသံကို ဂရုစိုက် နားထောင်ရန်နှင့် ရခိုင်တို့၏ နိုင်ငံရေးအခန်းကဏ္ဍကို မပစ်ပယ်ရန် အလွန်အရေးကြီးကြောင်း ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်အေးနုစိန် ပြောကြား
Published 12 July 2018

ဘင်္ဂါလီအရေးသည် အလွန်ရှုပ်ထွေးနေသည့် အနေအထားဖြစ်သည့်အတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့၏ သဘောထားများ တစ်သားတည်း ရှိနေရန်လိုကြောင်းနှင့် ရခိုင့်အရေးဟု ပြောနေကြသည့်ကိစ္စတွင် ရခိုင်လူမျိုးများ၏ အသံကို ဂရုစိုက်နားထောင်ရန်၊ ရခိုင်တို့၏ နိုင်ငံရေးအခန်းကဏ္ဍကို မပစ်ပယ်ရန် အလွန်အရေးကြီးကြောင်း ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်အေးနုစိန် က ပြောကြားသည်။

ဇူလိုင် ၁၁ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အစည်းအဝေး၌ နိုင်ငံရေးပါတီများ အစုအဖွဲ့ကိုယ်စား အဖွင့်မိန့်ခွန်းစကား ပြောကြားစဉ် ရခိုင်အမျိုးသားပါတီ၏ ဒုတိယဥက္ကဋ္ဌ ဒေါ်အေးနုစိန်က ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဘင်္ဂါလီ အရေးကိစ္စမှာ ရခိုင်နဲ့ ရခိုင်နွယ်ဝင် တိုင်းရင်းသားများရဲ့ မူလအခွင့်အရေးတွေ မဆုံးရှုံးသွားဖို့လည်း အလွန်တရာ အရေးကြီးပါတယ်။ ဘင်္ဂါလီအရေးဟာ ဒီအချိန်မှာ အလွန်ရှုပ်ထွေးနေတဲ့ အနေအထား ဖြစ်တဲ့အတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့ရဲ့ သဘောထားများဟာ တစ်သားတည်း ရှိနေဖို့ လိုအပ်လှပါတယ်။ အထူးသဖြင့် ရခိုင့်အရေးဟု ပြောနေကြတဲ့ကိစ္စမှာ ရခိုင်လူမျိုးများရဲ့အသံကို ဂရုစိုက် နားထောင်ဖို့၊ ရခိုင်တို့ရဲ့ နိုင်ငံရေး အခန်းကဏ္ဍကို မပစ်ပယ်ဖို့လည်း အလွန်အရေးကြီးပါတယ်”ဟု ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်အေးနုစိန်က ပြောကြားသည်။

ထို့ပြင် နိုင်ငံသားဖြစ်ခွင့် ရရှိသည့် ဘင်္ဂါလီများကို ရခိုင်ပြည်နယ် တစ်ခုတည်းတွင် ပိတ်လှောင်မထားဘဲ မြန်မာနိုင်ငံအနှံ့ သွားလာခွင့်ပြုပေးရန်နှင့် နိုင်ငံအတွင်းမှာ ရှိနေကြသည့် လူသား အားလုံးအတွက် ဥပဒေအရ အခွင့်အရေးတန်းတူ ရရှိမှုကို အခြေခံရမည် ဖြစ်သလို ဘင်္ဂါလီအရေးနှင့် ပတ်သက်ပြီး နိုင်ငံတကာမှ ဖိအားပေး အဖြေရှာခိုင်းမှုများကိုလည်း အလျှော့မပေးမိရန် အထူးလိုအပ်လှကြောင်း ဒေါ်အေးနုစိန်က ပြောကြားသည်။

ဘင်္ဂါလီတို့၏ လှုပ်ရှားမှုအစပိုင်းတွင် လူ့အခွင့်အရေး ရေခြုံ ကြွေးကြော်ပြီး တိုင်းရင်းသားလူမျိုး နာမည်သစ်တစ်ခု ပေါ်လာရန် လှုပ်ရှားရာကနေ နောက်ဆုံးတွင် နယ်လု၊ မြေလု၊ စစ်ပွဲဆင်နွှဲသည့် အကြမ်းဖက်ဝါဒလမ်းစဉ် ဖြစ်လာခဲ့ကြောင်း၊ ပြည်တွင်းအရေးကို နိုင်ငံတကာအရေး ဖြစ်လာအောင် ဒီဇိုင်းဆင် ပုံဖော်ခဲ့ကြောင်း၊ အနောက် ဒီမိုကရေစီ အင်အားကြီးနိုင်ငံအချို့၊ ကုလသမဂ္ဂ အဖွဲ့အစည်းတချို့နှင့် အိုအိုင်စီ အဖွဲ့ဝင်နိုင်ငံများသည် နည်းမျိုးစုံဖြင့် ဖိအားပေးပြီး အချုပ်အခြာအာဏာကို ထိပါးသည့် လုပ်ရပ်များ လုပ်လာခဲ့ကြောင်း၊ လူမျိုးတုန်း သတ်ဖြတ်မှုဆိုသည့် စွပ်စွဲချက်များဖြင့် နိုင်ငံတကာ ပြဿနာကြီး ဖြစ်အောင်လည်း ဖန်တီးနေကြောင်း၊ အမှန်မှာ ရခိုင်နယ်မြေ၏ ဘင်္ဂါလီ အစသည် ဗြိတိသျှကိုလိုနီ ဆိုးမွေတစ်ခု ဖြစ်ကြောင်း၊ ထို့ပြင် တရားမဝင် နေထိုင်မှုနှင့် နိုင်ငံသားပြဿနာဆိုင်ရာ ပြတ်ပြတ်သားသား မဖြေရှင်းနိုင်ခဲ့သဖြင့် သံသရာဆိုးကြီးကို ခံစားနေရကြောင်းလည်း ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်အေးနုစိန်က ထည့်သွင်း ပြောကြားခဲ့သည်။