၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးတွင် အဖွင့်အမှာစကား ပြောကြားခဲ့သော ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ၏ ပြောကြားမှုများသည် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ သဘောထားမဟုတ်ကြောင်း UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့ ထုတ်ပြန်

၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးတွင် အဖွင့်အမှာစကား ပြောကြားခဲ့သော ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ၏ ပြောကြားမှုများသည် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ သဘောထားမဟုတ်ကြောင်း UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့ ထုတ်ပြန်
Published 12 July 2018

နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) တွင် ဇူလိုင် ၁၁ ရက် နံနက်က ပြုလုပ်သော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ တတိယ အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားတွင် နိုင်ငံရေးပါတီများ အစုအဖွဲ့ကိုယ်စား အဖွင့်အမှာစကား ပြောကြားခဲ့သော ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်အေးနုစိန်၏ ပြောကြားမှုများသည် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ သဘောထား မဟုတ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နိုင်ငံရေးပါတီ အစုအဖွဲ့က သဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဇူလိုင် ၁၁ ရက် ညနေတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံရေးပါတီ အစုအဖွဲ့ကိုယ်စား တက်ရောက်ခဲ့သည့် စိုင်းကျော်ညွန့်က အဆိုပါ သဘောထားကြေညာချက်ကို ဖတ်ကြားခဲ့ပြီး ထိုသို့ သဘောထား ထုတ်ပြန်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

“ရခိုင်အမျိုးသားပါတီက ပြောတဲ့အချိန်မှာ မိန့်ခွန်းထဲ ရခိုင်ကိစ္စတွေ၊ အာဆာကိစ္စတွေ ပါတယ်လေ။ ပါတယ် ဆိုတော့ကာ သူတို့ ရဲ့ သဘောထားက ဒါ နိုင်ငံရေးပါတီ အစုအဖွဲ့ တစ်ခုလုံးရဲ့ သဘောထား မဟုတ်ပါဘူး။ ပြီးတော့ ကျွန်တော်တို့က နိုင်ငံရေးပါတီ အစုအဖွဲ့အနေနဲ့ ညီလာခံ အဖွင့်မိန့်ခွန်းမှာ ဘယ်လိုစီစဉ်ထားသလဲ ဆိုတော့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ ပထမ အစည်းအဝေးမှာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒုတိယအစည်းအဝေးမှာက USDP ပေါ့လေ။ အဲဒီတော့ တတိယမှာကျတော့ ရခိုင်အမျိုးသားပါတီ ANP က ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်တော့ ရွေးကောက်ပွဲ အနိုင်ရရှိမှု တန်းစီဇယားအရ အလှည့်ကျ ပြောရတာ ဖြစ်ပါတယ်။ အဲဒီတော့ ဒုတိယ ဥက္ကဋ္ဌ ဒေါ်အေးနုစိန် ပြောတဲ့စကားသည် သူ့ရဲ့ သက်ဆိုင်ရာပါတီရဲ့ သဘောထားပဲ ဖြစ်တယ်” ဟု UPDJC အတွင်းရေးမှူး အဖွဲ့ဝင် စိုင်းကျော်ညွန့်က ပြောကြားသည်။

ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်အေးနုစိန်၏ ပြောကြားချက်နှင့် ပတ်သက်၍ နိုင်ငံရေးပါတီ အစုအဖွဲ့၏ သဘောထားထုတ်ပြန်ချက်တွင် “ယင်းပြောကြားချက်သည် နိုင်ငံရေးပါတီ အစုအဖွဲ့၏ သဘောထား မဟုတ်ပါ။ နိုင်ငံရေးပါတီ အစုအဖွဲ့နှင့် တိုင်ပင်ညှိနှိုင်းခြင်း မရှိဘဲ သက်ဆိုင်ရာ ပါတီ၏ သဘောထားကို ပြောကြားခြင်းသာ ဖြစ်ပါသည်”ဟု ဖော်ပြထားသည်။

ထို့ပြင် ၎င်း၏ ပြောကြားချက်အချို့သည် လက်ရှိ ကြိုးပမ်းဆောင်ရွက်လျက်ရှိသော ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် တိုက်ရိုက် သက်ဆိုင်ခြင်းမရှိပါဟု နိုင်ငံရေးပါတီ အစုအဖွဲ့၏ သဘောထား ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံ အနေဖြင့် လက်နက်ကိုင် ပဋိပက္ခမီးလျှံထဲမှ ရုန်းမထွက်နိုင်ဘဲ ညီနောင် တိုင်းရင်းသားအချင်းချင်း စစ်ခင်းနေရခြင်းသည် ဝမ်းနည်းစရာ အကောင်းဆုံးဖြစ်ကြောင်း၊ တိုင်းရင်းသား အင်အားစုများကို သဘောထား ကျဉ်းမြောင်းသူများ၊ အစွန်းရောက်သူများအဖြစ် မမှတ်ယူသင့်ကြောင်း နှင့် အင်အားကြီး ဗမာပါတီများ အပါအဝင် ခိုင်မာစွာ တည်ဆောက်ထားသော တပ်မတော်၏ သဘောထားကြီးမှုကို မျှော်လင့်နေကြောင်း ဒေါ်အေးနုစိန်က ညီလာခံအဖွင့် မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံအား အဓိက ခြိမ်းခြောက်နေသော စိန်ခေါ်မှုများထဲတွင် ရခိုင်အရေးဟု ပြောနေကြသော ဘင်္ဂါလီမွတ်စလင် ပြဿနာ အပါအဝင်ဖြစ်ပြီး ၎င်းတို့၏ လှုပ်ရှားမှုများသည် လူ့အခွင့်အရေးကို အရေခြုံကြွေးကြော်ကာ နောက်ဆုံးတွင် နယ်မြေလုစစ်ပွဲ ဆင်နွှဲသည့် အကြမ်းဖက်ဝါဒ လမ်းစဉ်ဖြစ်လာခဲ့ကြောင်း၊ ပြည်တွင်းအရေး ဖြစ်လာအောင် ဒီဇိုင်းဆင် ပုံဖော်ကာ အနောက်အင်အားကြီး နိုင်ငံတချို့၊ ကုလသမဂ္ဂအဖွဲ့အစည်း တချို့
နှင့် OIC အဖွဲ့ဝင်နိုင်ငံများသည် နည်းမျိုးစုံဖြင့် ဖိအားပေးပြီး အချုပ်အခြာအာဏာကို ထိပါးသော လုပ်ရပ်များ လုပ်ခဲ့ကြသည်ဟု ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်အေးနုစိန်က ညီလာခံ အဖွင့်မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

 

Most Read

Most Recent